သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်းဘတ်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၂ ရက် မနေ့ကမနက် ၁၀ နာရီကျော်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၀၅ လုံးပြာကျပျက်စီးခဲ့တယ်လို့ ပခုက္ကူမြို့နယ်မှ တော်လှန်ရေးရဲဘော်တဦးဆီက သိရပါတယ်။
အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ အင်းဘတ်ရွာကို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က စစ်ကောင်စီတပ်သား ၇၀ ကျော်က မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“ရွာထဲမှာ ပြည်သူတွေ တယောက်မှမရှိဘူး။ အကုန်လုံးရှောင်နေကြတာ။ လူမရှိချိန် စကစတွေက မီးဝင်ရှို့သွားတာ”လို့ ပခုက္ကူမြို့နယ်မှ တော်လှန်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။
မနေ့ကမနက် ၉ နာရီလောက်မှာ အင်းဘတ်ရွာမှာနေထိုင်တဲ့ စစ်တပ်သတင်းပေးလို့နာမည်ထွက်နေသူ ၃ ဦးကို ဒေသခံကာကွယ်ရေးတပ်တွေဘက်က ကျေးရွာအနီးမှာသတ်ခဲ့ပြီးနောက် ခုလိုမီးရှို့ခဲ့တာလို့ ဆိုပါတယ်။
အသတ်ခံရသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တော်လှန်ရေးအင်အားစုအားကောင်းတဲ့ အင်းဘတ်ကျေးရွာဟာ တပ်မ ၁၀၁ နဲ့ ၅ မိုင်ခန့်အကွာ ပခုက္ကူ-ကမ္မကားလမ်းမနံဘေးမှာ တည်ရှိပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ၂၇ ရက်လည်း အင်းဘတ်ရွာနဲ့ ၃ ဖာလုံအကွာ ပခုက္ကူ-ကမ္မကားလမ်းပေါ်မှာ စစ်ကောင်စီကားတစီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာ အင်းဘတ်ရွာဒေသခံအချို့ဟာ စစ်တပ်ကစစ်ကြောင်းထိုးလာမှာ စိုးရိမ်တဲ့အတွက် ရွာကနေ တိမ်းရှောင်နေကြတာလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်မှာလည်း အင်းဘတ်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက ပထမအကြိမ်အဖြစ်မီးရှို့ခဲ့ရာ လူနေအိမ် ၃ လုံးပျက်စီးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #အင်းဘတ် #စစ်ကောင်စီ #မီးရှို့
Share Share Share