စစ်တွင်းကာလ တွေ့မြင်ကြားသမျှ ကုန်ကားသမားဘဝ

စစ်တွင်းကာလ တွေ့မြင်ကြားသမျှ ကုန်ကားသမားဘဝ

ပြင်ပဆောင်းပါးရှင် - ရောင်နီ

ကျနော်က မန္တလေးကနေ ကချင်ပြည်နယ်၊ မြစ်ကြီးနားဘက်ကို ကုန်ပစ္စည်းတွေ လိုက်ပို့နေတဲ့ ကုန်ကားဆရာ တယောက်ပေါ့။ ဇာတိကတော့ စစ်ကိုင်းတိုင်း၊ အထက်အညာဒေသကပါပဲ။ ကျနော့်ရဲ့ စပယ်ယာလိုက်တဲ့ သက်တမ်းက ၂ နှစ်။ ဒရိုင်ဘာ သက်တမ်းက ၆ နှစ်။ ကျနော် ကားလောကထဲဝင်ခဲ့တာ ၂၀၁၆ ကဆိုတော့ အခုဆိုရင် ၈နှစ် ရှိပြီပေါ့ဗျာ။ 

ကျနော် အလုပ်စဝင်တော့ အရမ်းကံကောင်းတယ်ဗျ။ ဘာလို့ဆို အဲ့အချိန်တုန်းက NLD အစိုးရတက်ပြီဆိုတော့ လမ်းတွေ၊ တံတားတွေလည်း ကောင်းစပြုနေပြီ။ လမ်းတွေကောင်းတော့ ကျနော်တို့ ကားဆရာတွေနဲ့ ခရီးသွား ပြည်သူတွေအတွက် ခရီးသွားရတာ အဆင်ပြေတာပေါ့ဗျာ။ ကားဘီးတွေလည်း သိပ်မပေါက်တော့ဘူး။ အပျက်အစီးနည်းသွားတော့ သွားရလာရ ခရီးမဖင့်တော့ဘူးပေါ့။

ကားလောက ကျနော်တို့ စီနီယာအကိုကြီးတွေတုန်းကဆိုရင် သူတို့ပြောတာတော့ “ ဒီမန္တလေး-မြစ်ကြီးနားလမ်းက အရမ်းဆိုးလွန်းလို့ ဘီးက တရက်ကို ၂ ကြိမ်လောက်ပေါက်နေတာ။ ကားဆိုလည်း ခဏခဏ ပျက်သလား မမေးနဲ့၊ ဒီကြားထဲ မောင်းနေရင်း ဆီပေပါပေါက်ရင် နေပူကြီးထဲဖာလိုက်ရတာ အမောပဲ။ လမ်းကလည်းကွာ ကချင်ပြည်နယ်ဘက် ဝင်ကာနီးလေ ဆိုးလေပဲကွ” လို့ ပြောတတ်ကြတယ်။

ကျနော်ကတော့ ကံကောင်းတယ်ဆိုရမယ်။ အဲ့လိုအခက်အခဲတွေ မကြုံလိုက်ရတော့ဘူး။ နောက်ပြီး ရဲဂိတ်တွေမှာဆိုရင် ရဲတွေ ပိုက်ဆံတွေကို မတရား လိမ်ကောက်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်းတိုင်လို့ရတယ်။

အခုတော့ ကျနော် အရင်အချိန်တွေကို တမ်းတမိတယ်။ ဒီ မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပိုင်း တခြားသူတွေနည်းတူ ကျနော်တို့ ကားဆရာတွေဘဝက အရမ်းကို ခက်ခဲသွားတယ်။ အခုဆိုရင် နေရာအနှံ့ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်နေတော့ တိုက်ပွဲကြားထဲလည်း ကားမောင်းနေရတော့တာပါပဲ။ မမောင်းလို့လည်း မရဘူးလေ။ ကျနော်တို့မှာ ကားမထွက်ဘူးဆိုရင် ကချင်ပြည်နယ်ဘက်က ပြည်သူတွေ ကုန်စည်တွေ ပြတ်ပြီး ကုန်ဈေးနှုန်းတွေ တက်သွားမှာပေါ့။ 

ပြီးတော့ အညာမှာရှိတဲ့ ကျနော့်အိမ်လည်း မီးလောင်သွားပြီး မိသားစုကလည်း စစ်ရှောင်နေရတယ်။ အိမ်ကညီတွေဆိုလည်း အကုန် PDF ထဲမှာတွေပဲမို့ ဒီကားမောင်းမှ ကျနော့်မိသားစုကို ထောက်ပံ့နိုင်မှာ။ 

ဒီကာလကြီးမှာ ကားမောင်းရတာ ကျနော်တို့ ကားဆရာတွေအတွက် အရမ်းကို အန္တရာယ်များပါတယ်ဗျာ။ ကားမောင်းရင်း တိုက်ပွဲနဲ့ကြုံလို့ ကားအောက် ဝင်ပုန်းခဲ့ရတဲ့အချိန်တွေ၊ ရှေ့မှာတိုက်ပွဲဖြစ်လို့ လမ်းပိတ်ပြီး ထမင်းငတ်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်။ 

နောက်ပြီး စစ်ကြောင်းရှိတာ မသိဘဲ သွားမိလို့ တိုက်ပွဲဖြစ်တဲ့အခါ တိုက်ပွဲကြားညပ်ပြီး လက်နက်ထိဆုံးသွားတဲ့ ကားဆရာတွေ၊ စစ်ကောင်စီတပ်က ကားချောဆွဲတာပါသွားလို့ တော်လှန်ရေးအင်အားစုက ဖြတ်တိုက်တာခံရပြီး အသက်ဆုံးရှုံးလိုက်ရတဲ့ ကားဆရာတွေ၊ ခရီးသွားနေရင်း တိုက်ပွဲနဲ့ကြုံပြီး လက်နက်ကြီးထိလို့ ဒဏ်ရာရတဲ့ဟာရ၊ အသက်ဆုံးရှုံးတဲ့ဟာ ဆုံးရှုံး ဖြစ်ခဲ့ရတဲ့ ခရီးသည်တင် ကားဆရာတွေနဲ့ ခရီးသွားပြည်သူတွေ စတဲ့ အဖြစ်အပျက်တွေ အများကြီး ရှိခဲ့ကြတယ်။ 

အခုနောက်ပိုင်းဆို ဒီမန္တလေး-မြစ်ကြီးနားလမ်းပေါ်မှာရှိတဲ့ မြို့တွေမှာဆို တိုက်ပွဲတွေက ခပ်စိပ်စိပ်ဖြစ်လာတော့ ခရီးသွားရတာ ပိုပြီးတောင် လုံခြုံမှုမရှိတော့ဘူး။

လွန်ခဲ့တဲ့ ၂၀၂၂၊ ဇန်နဝါရီလလောက်တုန်းကဆိုရင် ကျနော့်အသိ ကားဆရာတယောက်ရဲ့ မိတ်ဆွေတယောက်ဆိုရင် အင်းတော်လမ်းမှာ စစ်ကြောင်းရှိတာမသိဘဲ သွားမိလို့ တိုက်ပွဲနဲ့ကြုံပြီး အခုမှ စပယ်ယာ စလိုက်တဲ့ အသက် ၁၇ နှစ်အရွယ် သူရဲ့သား အသက်ဆုံးရှုံးခဲ့ရဖူးတယ်။ 

အဲ့ဒီအချိန်တုန်းက အင်းတော်မှာ တော်လှန်ရေးအဖွဲ့တွေ အားကောင်းလာစအချိန်ဖြစ်မယ်။ အဲ့နေ့က စစ်သားနဲ့ရဲတွေက မြို့ထဲကနေ မြို့ရဲ့တောင်ဘက် မြို့ပြင်ဘက်ကို ကားနဲ့စစ်ကြောင်းထိုးလာတာ အဲ့ဒီမှာ တော်လှန်ရေးအဖွဲ့တွေနဲ့တွေ့ပြီး နှစ်ဘက်အပြန်အလှန် ပစ်ကြခတ်ကြတာပေ့ါ။ အဲ့အချိန် ကျနော့်အသိရဲ့ မိတ်ဆွေကားက ရောက်လာပြီး တိုက်ပွဲကြားထဲ ညပ်သွားတာပေ့ါဗျာ။

ကားမောင်းတဲ့ဒရိုင်ဘာက ဘာမှ မဖြစ်သွားပေမယ့် သူနဲ့လိုက်ခဲ့တဲ့ သူ့ရဲ့ သားကတော့ ရင်ဘတ်ကို ကျည်ထိပြီး ဆုံးသွားတာပေါ့။ ကျနော် ကြားသိသလောက်ကတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ ပြည်သူထိခိုက်မယ့်အလုပ်ဆိုရှောင်ပေမယ့် စစ်ကောင်စီဘက်က ပြည်သူလည်းမညှာဘဲ ရမ်းပစ်လို့ ထိခိုက်မိတာလို့ သိလိုက်ရတယ်။ 

မိဘတွေကတော့ ရင်ကျိုးရပြီပေ့ါဗျာ။ အဲ့ဒီလမှာပဲ အင်းတော်မြို့နယ်၊ ပင်ဝယ်ရွာနဲ့ မော်လူးရွာကြားမှာ စစ်ကောင်စီနဲ့ KIA၊ PDF အဖွဲ့တွေ တိုက်ပွဲဖြစ်နေတုန်း ခရီးသွားကားတစီး ရောက်လာပြီး တိုက်ပွဲကြားညပ်မိလို့ ဦးခေါင်းကျည်ထိပြီး ဆုံးသွားတဲ့ ခရီးသွားပြည်သူတယောက်ရဲ့ သတင်းကို ကျနော် ကြားမိလိုက်သေးတယ်။

ကျနော်တို့ ကားဆရာဆိုတာ အပေါင်းအသင်းမိတ်ဆွေပေါတယ်ဗျ။ တရက် ကျနော်တို့ ကားဆရာတွေ ထမင်းဆိုင်တဆိုင်မှာ ထမင်းစားနေရင်း စကားစပ်မိလို့ လမ်းကြောမှာဖြစ်ခဲ့တဲ့အကြောင်းတွေ ပြောကြတဲ့ အခါတုန်းက ဦးကြီးတယောက်က-

“ဒီ ၂၀၂၃၊ ၂ လပိုင်းလောက်ကကွာ၊ ကောလင်း-ကျောက်တန်းမှာ စစ်ကြောင်းတွေ ရှုပ်နေလို့ တိုက်ပွဲဖြစ်ခဲ့ရင် ခရီးသွားပြည်သူတွေ ထိမှာစိုးလို့ဆိုပြီး အဲ့လမ်းကို ပိတ်ချလိုက်တာ ၅ ရက်လောက်ရှိ တယ်။ ကားတွေကလည်း ကုန်တင်ကား၊ ခရီးသည်တင် အံစာတုံး၊ Express ကားတွေ အစုံပဲဆိုတော့ ကားတွေကို ရာနဲ့ချီပိတ်မိသွားတာ၊ ခရီးသွားပြည်သူတွေကလည်း ထောင်ဂဏန်းနီးပါးလောက် ရှိသွားတာပေါ့၊ အဲ့တုန်းကဆို ဦးကြီးတို့မှာ ထမင်းတွေကို ငတ်လို့။ တော်သေးတာပေါ့ အနီးနားရွာတွေက ထမင်းထုပ်လေးတွေ လာပေးလို့” တဲ့။

ခေတ်ပျက်ကြီးထဲမှာ ပြည်သူကနေ ပြည်သူတွေကို စောင့်ရှောက်ဖေးမ ကူညီမှုလေးတွေရှိနေလို့ ကျနော့်စိတ်ထဲ ကြည်နူးမိသွားတယ်။ ဒါမျိုး စစ်ကြောင်းတွေထိုးပြီး တိုက်ပွဲတွေဖြစ်လို့ လမ်းကြောတွေပိတ်ပြီး ထမင်းငတ်တာ ကတော့ မန္တလေးနဲ့ ဒီမြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်ဘက်ကို  ခရီးသွားလာနေကြတဲ့ ကားဆရာတွေနဲ့ ခရီးသွားပြည်သူတွေကတော့ အမြဲကြုံကြရတာပါပဲ။ ခရီးသွားမယ်ဆိုရင်တော့ အရေးပေါ်စားစရာမုန့်၊ ဆေးဝါး တွေ ယူထားတာကတော့ အကောင်းဆုံးပေါ့ဗျာ။

စကားလက်ဆုံကျနေတုန်းမှာပဲ ကျနော်တို့ရဲ့ ဝိုင်းဘေးနားမှာရှိတဲ့ ခရီးသည်ကားမောင်းတဲ့ ကားဆရာကြီး တယောက်က သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တခုကို ပြောပြတယ်-

“သိပ်တော့မကြာသေးဘူးဗျ၊ အခုနှစ် ၂၀၂၃ ဧပြီလလောက်ကပဲ၊ ကျနော်ကတော့ ထီးချိုင့်လမ်းမှာ ကြုံခဲ့ရတာပေါ့။ ကျနော်က မန္တလေး-မြစ်ကြီးနား တိုက်ရိုက်ကားဆိုတော့ မန္တလေး-ထီးချိုင့် လမ်းကနေပဲ သွားတယ်။ ကျနော် မန္တလေးကတက်လာပြီး ထီးချိုင့်တံတားကို ဖြတ်ကာနီးကျတော့ ကျနော်တို့ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားလိုက်ရတယ်။ အဲ့မှာ တိုက်ပွဲဖြစ်ပြီဆိုပြီး ကျနော်ရော ကျနော့်ခရီးသည်တွေပါ အကုန်လုံး ကားပေါ်ကဆင်းပြီး လမ်းဘေးမြောင်းကြားထဲတွေ ဝင်ပုန်းကြတယ်။ ကျနော့်ရှေ့ရော နောက်ရောမှာက ကျနော့်လို ခရီးသည်ကားတွေ အများကြီးပဲ။ သူတို့လည်း နီးစပ်ရာတွေ၊ လွတ်မယ်ထင်တဲ့နေရာတွေမှာ ဝင်ပုန်းနေကြတယ်။ လက်နက်ကြီးသံတွေကလည်းဗျာ ဘယ်ကနေပစ်လို့ပစ်မှန်း မသိဘူး။ ကိုယ့်နားလေးမှာ ပေါက်ကွဲနေသလား ထင်ရတယ်။ တချို့ကားတွေဆို လက်ကြီးစတွေထိလို့ မှန်တွေကွဲတဲ့ဟာကွဲ၊ တချို့ ကားဆရာတွေနဲ့ ခရီးသည်တွေဆိုရင်လည်း လက်နက်ကြီးစတွေ ထိမိလို့ သွေးထွက်သံယိုဖြစ်တဲ့ဟာဖြစ်ပေါ့။ ကျနော်ကတော့ ဘုရားတရားကိုပဲ အာရုံပြုထားမိတယ်။ အခုနောက်ပိုင်း ဒါမျိုးတွေ ခဏခဏ ကြုံနေရတော့ ခရီးသွားမယ်၊ လာမယ်ဆို ဒေသအလိုက် တင်ပေးနေတဲ့ စကစလှုပ်ရှားမှုသတင်းတွေကို ကြည့်ပြီးပဲ သွားတော့တယ်” လို့ ပြောပြတယ်။ 

ဒါလည်း ဟုတ်တာပဲလေ။ ကိုယ်က တနေရာကနေ တနေရာကို သွားတော့မယ်ဆို စကစ လှုပ်ရှားမှု သတင်းတွေကို နားစွင့်ပြီး သွားသင့်တယ်။ ခရီးသည်ကားဆရာကြီးတွေ ပြောပြနေပုံကိုကြည့်ပြီး သူက ခရီးသည်တွေ အများကြီးတင်ပြီးသွားရတော့ တာဝန်ပိုကြီးမှာပေါ့ဆိုပြီး ကျနော် တွေးမိသွားတယ်။ ဘာလို့လဲဆို ခရီးသည်ကားမောင်းတဲ့ ကားဆရာတယောက်ရဲ့တာဝန်က သူ့ခရီးသည်တွေ ဘေးကင်းကင်းနဲ့ လိုရာခရီးရောက်နိုင်ဖို့ပဲ မဟုတ်လား။

ကျနော်ကတော့ ကားထွက်ရင် မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းကနေပဲ သွားတယ်။ မုံရွာ-မြစ်ကြီးနား-ဖားကန့်ကားတွေ တော်တော်များများလည်း ဒီ ရွှေဘို-မြစ်ကြီးနားလမ်းကပဲ သွားကြတာများပါတယ်။ ကျနော် ဖြတ်သွားရတဲ့မြို့တွေက ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ကောလင်း၊ အင်းတော် စတဲ့ တော်လှန်ရေး အားကောင်းတဲ့ မြို့တွေဆိုတော့ စစ်ကောင်စီဂိတ်တွေမရှိဘူး။ မန္တလေး-မတ္တရာ-ထီးချိုင့်လမ်းဆို တလမ်းလုံး စစ်ကောင်စီဂိတ် တွေချည်းပဲ။ 

ဒါပေမဲ့ ၂၀၂၂ ၊ နိုဝင်ဘာကုန်လောက်ကတော့ ကျနော် အဲ့ဒီ ထီးချိုင့်လမ်းက သွားလိုက်သေးတယ်။ အဲ့ဒါ ကန့်ဘလူတကြောမှာ စစ်ကြောင်းထိုးနေပြီး ကောလင်း-ကျောက်တန်း လမ်းပိတ်ထားတယ်ဆိုလို့ မန္တလေး-မတ္တရာ-ထီးချိုင့်လမ်းက သွားလိုက်တာ တလမ်းလုံး စစ်ကောင်စီဂိတ်တွေချည်းပဲဗျာ။ ပေးလိုက်ရတဲ့ ပိုက်ဆံ။ သူတို့က ရပ်ဆိုရပ်၊ သွားဆိုသွား အမိန့်တွေ၊ အာဏာတွေနဲ့ ပြည်သူကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေကြတာ မြင်ရတော့ စိတ်ထဲ ဒေါသတွေ အလိပ်လိပ် ထွက်မိတယ်။ သူတို့က လက်နက်တွေနဲ့မို့သာ ငြိမ်နေရတာ။

အဲ့ဒီအခါတုန်းကည်း လမ်းပိတ်မိတာပါပဲ။ ထီးချိုင့်နဲ့ အင်းတော်နယ်ကြားမှာ စစ်ကောင်စီက ရွာတွေပတ်ပြီး မီးရှို့နေတာ။ ပြီးတော့ တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်နေတော့ လမ်းပိတ်တာနဲ့ ကြုံလိုက်ရော။ သိပ်တော့ မကြာလိုက်ပါဘူး ၂ ရက်လောက်ပါပဲ။ နောက် ကျနော် ထီးချိုင့်ကနေ အင်းတော်ဘက်ထွက်လာတော့ ကျနော်နဲ့အတူ ကားမောင်းတဲ့ သူငယ်ချင်းက ဖုန်းလှမ်းဆက်တယ်-

“ဟိတ်ကောင် ရေ။ အလယ်တောရွာကားလမ်းမှာ PDF တယောက်ရဲ့ အလောင်းကို ခေါင်းဖြတ်ပြီး နင်းချင်တဲ့ကားနင်းဆိုပြီး ကားလမ်းမှာချထားတာ စိတ်တောင်မကောင်းဘူးကွာ”တဲ့။ 

ကျနော်လည်းဖြတ်ခဲ့ရပါတယ်။ PDF အလောင်းကို ကားလမ်းမှာချထားတာ မြင်ရက်စရာတောင်မရှိဘူး။ ဘယ်တတ်နိုင်မှာလဲ စစ်တိုက်မှတော့ ဂန်းနဲ့ပစ်တာကိုး၊ ပန်းနဲ့ပစ်တာမှ မဟုတ်ဘဲ။ အထိအခိုက်တော့ရှိမှာပဲ ဆိုပြီး စိတ်မကောင်းစွာနဲ့ လာခဲ့ရတယ်။ လာတဲ့လမ်းမှာလည်း ထီးချိုင့်မြို့နယ်မှာရှိတဲ့ အလယ်တော၊ အင်းတိမ်၊ လေသာ၊ ဇီးဖြူကျင်း စတဲ့ ရွာကြီးတွေ မီးရှို့ခံထားရတာ မြင်ရသူအပေါင်းကတော့ စိတ်နှလုံးနာရောတွေ ဖြစ်မိမှာပဲ။ 

ဒီလိုနဲ့ ကျနော်တို့ ထီးချိုင့်ကနေထွက်လာရင်း အင်းတော်မြို့နယ်ထဲရောက်တော့ အင်းတော်နဲ့ မြို့မရောက်ခင် ၃ မိုင်လောက်အလိုမှာရှိတဲ့ နတ်မဟုတ်ကြီးရွာနားမှာ ဆီကားတစီး မီးလောင်ထားတဲ့အရာတွေ့တော့ အခုမှ အသစ်လိုက်လာတဲ့ ကျနော့်ရဲ့ စပယ်ယာလေးက မေးတယ်-

“အာစိ ဒီကားမီးလောင်ထားတာက ဘာဖြစ်ထား တာလဲ”တဲ့။

ကျနော်လည်း ရှင်းပြလိုက်တယ်- “ဒီကား မီးလောင်တာနဲ့ပတ်သက်ပြီး ငါတို့ ကားလောကမှာ တော်တော် ဂယက်ရိုက်သွားတယ်ကွ။ လွန်ခဲ့တဲ့ ၂၀၂၂၊ ဇူလိုင်လ ၁၀ ရက်နေ့တုန်းက မဲဇာရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သွားတိုက်ကြတယ်။ အဲ့ဒါ စစ်သားတွေရော၊ ရဲတွေရော၊ ပျူစောထီးတွေရော အကျအဆုံးများကြတယ်။ အဲ့ဒါနဲ့မြို့ထဲကနေပြီး ကားနဲ့ စစ်သားတွေစစ်ကူထွက်ကြတော့ တော်လှန်ရေးအဖွဲ့တဖွဲ့က လမ်းမှာဖြတ်တိုက်တော့ အပြန်အလှန် ထိတွေ့မှုဖြစ်ကြတာပေါ့။ အဲ့အချိန် အဲ့ဒီဆီတွဲကားကြီးက တိုက်ပွဲဖြစ်လို့ ရှေ့ဆက်မတိုးဘဲ ရပ်နေတုန်း တိုက်ပွဲက တဖြည်းဖြည်း သူတို့နား နီးကပ်လာတာပေါ့။ အဲ့ဒီ ကားဆရာတွေပြောကြတာတော့ စစ်သားတွေက သူတို့ အထိနာတော့ လက်နက်ကြီးတွေနဲ့ တွေ့တဲ့နေရာ ပိုးစိုးပက်စက်ပစ်တော့တာတဲ့။ PDF တယောက်က ပစ်ရင်းခတ်ရင်း သူတို့ကားနား ရောက်လာတော့ စစ်သားတွေက သူတို့ကားကို မဲပစ်တော့တာ။ သူတို့လည်း ခွေးပြေးဝက်ပြေး ပြေးလိုက်ရတော့တာပါတဲ့”။ 

ကျနော် ရှင်းပြလိုက်တဲ့အချိန် ကျနော့် စပယ်ယာလေးက ကြောက်သွားတယ် ထင်တယ်။ ကျနော်လည်း နှစ်သိမ့်ပေးလိုက်ပါတယ်- “မကြောက်ပါနဲ့၊ ဒါမျိုးက ဖြစ်ခဲပါတယ်” ဆိုပြီး။

အခုဆိုရင် ၂၀၂၃ ခုနှစ်၊ ၂ လပိုင်းကစပြီး စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအားကောင်းတဲ့ မြို့တွေ တော်တော် များများကို စစ်ကောင်စီက မနက် ၆ ည ၆ သွားလာခွင့် ကန့်သတ်လိုက်တော့ ကားတွေ တော်တော်များများ ညနေ ၆ နာရီထိုးတာနဲ့ ရောက်တဲ့နေရာက နီးစပ်ရာဆိုင်တွေမှာပဲ ညအိပ်နားကြရတော့တယ်။ 

နိုင်ငံရေး ခေတ်အခြေအနေက မကောင်းတာနဲ့ ဒီလိုကားတွေ ညမထွက်ကြရတာလည်း ကောင်းပါတယ်။ ဘာလို့လဲဆို တော်လှန်ရေးသမားတွေ ညရေးညတာ စစ်ရေးလှုပ်ရှားလို့ ကောင်းတာပေ့ါ။ နောက်မို့ဆိုရင် ကျနော်တို့ကြောင့် သူတို့ လှုပ်ရှားရခက်နေပြန်ဦးမယ်။ နောက်ပြီး လမ်းမှာ ဓားပြတိုက်ခံရမှာလည်း မပူရ တော့ဘူးပေါ့။ ဓားပြဆိုမှ ကားဆရာတွေဘဝက စစ်ခွေးရန်တခုတည်းတင် မဟုတ်ဘူး ဒီခေတ်မကောင်းတဲ့ အချိန်မှပေါ်လာတဲ့ ဓားပြရန်လည်း အတော်ကြောက်ရတယ်။

လွန်ခဲ့တဲ့ ၂၀၂၂၊ ဇွန်လနဲ့ ဇူလိုင်လလောက်ကပဲ ကျနော် သတင်းတွေဖတ်လိုက်ရတယ်။ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးရွာနားမှာ ကုန်တင်ကားတွေနဲ့ ခရီးသည်ကား၊ အိမ်စီးကားတွေ ဓားပြတိုက်ခံရလို့ဆိုပြီး အဲ့ဒီရက်ပိုင်းကို အဲ့ဒီအနားမှာ ဓားပြတိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်သွားတယ်။ ကုန်ကားဆရာကြီးတွေဆို ဖုန်းတွေရော လမ်းစရိတ်တွေရော ကုန်ကားမောင်းတဲ့ ခေါက်ကြေးတွေရော အကုန်ပါသွားကြတယ်တဲ့ဗျာ။

ခရီးသည်ကားတွေဆို ကားပေါ်မှာပါတဲ့ ခရီးသည်တွေရဲ့ လက်ကိုင်ဖုန်းတွေ၊ ရွှေတွေ၊ ငွေတွေ အကုန်ပါတာ။ စုစုပေါင်း သိန်း ၂၀၀ ကျော်လောက်တောင် ရှိတယ်တဲ့ဗျာ။ အဲ့ဒီအချိန်တုန်းက နတ်မဟုတ်ကြီးရွာဘက် စစ်ကြောင်းထိုးပြီး ဓားပြမှုတွေ ခပ်စိပ်စိပ်ဖြစ်နေလို့ ကျနော်တောင် ကားမထွက်ဘဲ ခဏနားနေလိုက်သေးတယ်။

နောက်ပြီး ဒီ ၂၀၂၃ ဇန်နဝါရီ ၇ ရက်တုန်းက ကျနော် အင်းတော်ကြီးမြို့နယ်ထဲက ဆိုင်တဆိုင်မှာ ကွမ်းဝယ်နေတုန်း တွဲကားမောင်းတဲ့ ကားဆရာတယောက် စိတ်ပျက်အားလျော့နေတဲ့ ပုံစံနဲ့ ဆိုင်ရှင်ကို ပြောပြတယ်။ အဲ့ဒါ ညနေ ၆ နာရီရှိပြီဆိုတော့ နည်းနည်းတော့ မှောင်နေပြီ။ 

“ကျနော်တို့ ပင်ဝယ်ရွာနားမှာ ဓားပြတိုက်ခံလိုက်ရတယ်ဗျာ။ အကုန်လုံးက အရပ်ဝတ်တွေနဲ့။ သူတို့ကိုယ်သူတို့ PDF ပါဆိုပြီး ပြောနေတာ။ ပိုက်ဆံ သိန်း ၃၀ နဲ့ ဖုန်း ၂ လုံးပါသွားတယ်။ ကျနော် ဘယ်လိုလုပ်ရမလဲဗျာ” တဲ့။

ကျနော်လည်း ဝင်ပြောလိုက်သေးတယ်- “ဒီမြို့နယ်ရဲ့ သတင်းပေ့တခုမှာ တင်ထားတာတွေ့တယ်။ ပင်ဝယ်ရွာ စာသင်ကျောင်းမှာ စစ်သားတွေ ၁၀၀ လောက် ရောက်နေတာ ခမရ ၄၁၆ တပ်ရင်းကတဲ့။ အဲ့ဒါဆိုရင် ဓားပြတိုက်တာ PDF ဟန်ဆောင်တဲ့ စစ်သားတွေ ဖြစ်ရမယ်” ဆိုပြီး။ 

အဲ့ဒီကားစရာကလည်း ပြောရှာပါတယ်။ “သိပါတယ်ဗျာ၊ ဘယ် PDF က အဲလိုတွေပြောပြီး ဓားပြတိုက်မလဲဗျ” တဲ့။

အဖြစ်အပျက်တွေ သေချာတွေးကြည့်လိုက်ရင် ခေတ်ပျက်ကြီးထဲ သွားလာနေရတဲ့ ကျနော်တို့ ကားဆရာတွေနဲ့ ခရီးသွားပြည်သူတွေရဲ့ ဘဝဟာ ဘာတစ်ခုမှ လုံခြုံမှုမရှိပါဘူးလို့ ကျနော် ကားမှန်လေးတွေ ဖုန်သုတ်ရင်း တွေးနေမိတယ်။ ရှေ့လကတောင် အင်းတော်မှာ ထမင်းဆိုင်တွေနဲ့ ခရီးသည်တွေ၊ ကားဆရာတွေရှိတဲ့ဘက်ကို လက်နက်ကြီးတွေကျလို့ ခရီးသွားတယောက်ဝမ်းဗိုက်ထိတဲ့ သတင်းနဲ့ ခရီးသွားတွေ ထိတ်လန့်မှု ဖြစ်ခဲ့ရတဲ့ သတင်း မြေလတ်သတင်းမှာ ဖတ်လိုက်ရသေးတယ်။

အဲ့အချိန် ကျနော်အနောက်ကနေ ခေါ်သံတစ်ခု ကြားလိုက်ရတယ်။ “ဗျို့ ကားဆရာကြီး၊ မန္တလေး-မြစ်ကြီးနားလမ်းကြော အခြေအနေ ဘယ်လိုလဲဗျ”။ 

“အခြေအနေကတော့ သတင်းတွေနားစွင့်ပြီး ကြည့်ကျက်သွားရမှာပေါ့ဗျာ။ တိုက်ပွဲဖြစ်ရင်လည်း ကြည့်သာ ရှောင်ကြတာပေါ့”။ ။

#မြေလတ်အသံ

#မန္တလေး #မြစ်ကြီးနား #နဘား #အင်းတော် #ကုန်ကားဆရာ #ကုန်ကား #ခရီးသွားဆောင်းပါး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10