သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အသက် ၃၆ နှစ်အရွယ် မသက်မာဟာ သူ့ရဲ့တတိယမြောက် ကိုယ်ဝန် ၁၀ လပြည့်လို့ မီးဖွားဖို့ရာ သူနေထိုင်ရာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပန်းရွာကနေ မကျီးကန်ကျေးရွာ ဆေးခန်းဆီကို ရင်တထိတ်ထိတ်နဲ့ သွားခဲ့ပါတယ်။
ပန်းရွာဟာ အိမ်ခြေ ၁သောင်းကျော်ရှိပြီး ရပ်ကွက်ကြီး ၄ ခု ရှိတဲ့ ရွာကြီးပါ။ စစ်တပ် အာဏာမသိမ်းခင်က စီးပွားရေးအဆင်ပြေကြသလို လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ် ထဲမှာတော့ PDF တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပန်းရွာက အိမ်ခြေတဝက်လောက်ကို စစ်တပ်က မီးရှို့သွားခဲ့ရာ ရွာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပါ ပျက်စီးသွားခဲ့ရပါတယ်။
ဒါကြောင့် မသက်မာတို့လို ကိုယ်ဝန်ဆောင်တွေနဲ့ နာမကျန်းဖြစ်သူတွေဟာ တခြားနီးစပ်ရာ ကျေးရွာတွေက ဆေးရုံ၊ ဆေးခန်းတွေကို သွားရောက်ပြီး ဆေးကုသမှုခံယူလာကြရပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေ မကြာခဏရောက်လာတတ်ပြီး တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ပြင်းထန်နေတဲ့ ပုလဲမြို့နယ်ကနေ မုံရွာမြို့ပေါ်ကို မသက်မာဟာ စွန့်စွန့်စားစားသွားပြီး သူ့ကိုယ်ဝန်ကို အာထရာဆောင်း တကြိမ်သာ ရိုက်ထားနိုင်ခဲ့ပါတယ်။ ကာကွယ်ဆေးကတော့ တကြိမ်တခါမှကို မထိုးရသေးပါဘူး။
သူမီးဖွားဖို့သွားခဲ့တဲ့ မကျီးကန်ကျေးရွာက ဆေးခန်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကူညီမှုနဲ့ ဖွင့်ထားတဲ့ ဆေးခန်းပါ။ အဲဒီဆေးခန်းမှာ မီးဖွားဖို့အထိ မျှော်လင့်ထားခဲ့ပေမယ့် သူရောက်ပြီး ၂ ရက် မြောက်တဲ့နေ့ ညနေပိုင်းမှာတော့ အဲဒီကျေးရွာကို စစ်ကောင်စီက ဝင်စီးပါတော့တယ်။
နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်နေတဲ့အချိန် ဒေသကာကွယ်ရေးတပ်တွေက ခံပစ်ပေးထားပြီး ဆရာဝန်နဲ့ သူနာပြုတွေက လူနာတွေကို ကယ်ထုတ်ခဲ့ကြပါတယ်။
မသက်မာလည်း အဲဒီ့ညမှာပဲ ဆိုင်ကယ်စီးပြီး သူ့ရွာကို ပြန်လာခဲ့ပါတယ်။ မနက် ၅ နာရီမှာတော့ မုံရွာဆေးရုံကြီးကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပုလဲမြို့နယ်နဲ့ မုံရွာမြို့ဟာ မိုင် ၄၀ ဝန်းကျင်ကွာဝေးပြီး ပုံမှန်အခြေအနေမှာ ကားနဲ့သွားမယ်ဆိုရင် ၂ နာရီလောက်သာကြာတဲ့ ခရီးပါ။
ဒါပေမဲ့ မနက် ၅ နာရီကတည်းက ရွာကထွက်လာတဲ့ မသက်မာဟာ လမ်းတလျှောက် စစ်ကောင်စီတပ်ဂိတ်တွေရဲ့ စစ်ဆေးမေးမြန်းမှုတွေကြောင့် နေ့လယ် ၁၁ နာရီလောက်မှ မုံရွာမြို့ကို ရောက်ခဲ့ပါတယ်။ ဆေးရုံရောက်ပြီး ၁ နာရီခန့်အကြာမှာတော့ မသက်မာဟာ မီးမဖွားနိုင်ဘဲ ကလေးနဲ့အတူ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သူ့ရဲ့ညီမဖြစ်သူက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နယ်မြေတည်ငြိမ်မှုမရှိတဲ့ စစ်ကိုင်းတိုင်းဒေသက မသက်မာလို ကိုယ်ဝန်ဆောင်တွေဟာ ကာကွယ်ဆေးထိုးနှံခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေ မရရှိတာကြောင့် ကလေးရော မိခင်ပါ အသက်ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်လို့ ပုလဲမြို့နယ်အတွင်းက CDM ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ပုလဲမြို့နယ်အတွင်းက ကျေးရွာတွေမှာ ကိုယ်ဝန်သည်အားလုံးနီးပါးဟာ ကာကွယ်ဆေးထိုးခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးအားလုံး ဆုံးရှုံးနေရတာဖြစ်တယ်လို့ CDM ကျန်းမာရေး ဆရာမတဦးက ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်စခန်းတွေမှာ ဆေးကုသပေးနေတဲ့ကျန်းမာရေးဆရာဝန်တဦးက "စစ်ရှောင်ရင်းနဲ့သွားတဲ့အချိန်မှာ ကိုယ်ဝန်ပျက်ကျတာတွေ မကြာခဏဖြစ်တယ်။" လို့ ဆိုပါတယ်။
မှတ်တမ်းတင်ကောက်ယူထားတဲ့ စာရင်းအတိအကျမရှိပေမယ့် စစ်ရှောင်ရင်း ကိုယ်ဝန်ပျက်ကျပြီး ဆေးခန်းရောက်လာတဲ့ မိခင်ဦးရေဟာ တလကို ၅ ယောက်ခန့်ရှိတယ်လို့ သူကဆိုပါတယ်။
ကိုယ်ဝန်ဆောင်တဦးဟာ ကိုယ်ဝန်နုစဥ်မှာ မေးခိုင်ကာကွယ်ဆေးထိုးရပြီး လိုအပ်တဲ့ အစားအသောက် အပြည့်အဝစားရမှာဖြစ်သလို ဖောလစ်အက်စစ်ဓာတ်ပါတဲ့ ဆေးကိုလည်း ပုံမှန်သောက်သုံးသင့်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
မသက်မာကတော့ ကိုယ်ဝန်ဆောင်နေတဲ့ ကာလတလျှောက်လုံး ဒါတွေတခုမှ မလုပ်ခဲ့ရဘဲ ကိုယ်အလေးချိန် ချိန်တာနဲ့ တခါတလေ သောက်ဆေးရတာလောက်သာ ရှိခဲ့တယ်လို့ ညီမဖြစ်သူက ဆိုပါတယ်။
ပုလဲမြို့နယ်အတွင်းမှာ ဆေးဝါးကုသပေးနေတဲ့ ဆရာဝန်တဦးကတော့ ကိုယ်ဝန်ဆောင်တွေဟာ မကြာခဏ စစ်ရှောင်ရင်း ပြင်းထန်စွာ ကိုယ်လက်လှုပ်ရှားရတာနဲ့ အစားအသောက် မမှန်တာတွေကြောင့်လည်း ကိုယ်ဝန်ပျက် ကျတာတွေရှိတယ်လို့ ဆိုပါတယ်။
ပုလဲမြို့နယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအများအပြားရှိသလို ပျူစောထီးကျေးရွာတွေလည်းရှိပါတယ်။ စစ်တပ်က ပျူစောထီးကျေးရွာတွေကို ရိက္ခာလာပို့စဉ် ကျေးရွာတွေကိုဝင်မွှေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်လေ့ရှိတာကြောင့် ကိုယ်ဝန်ဆောင်တွေအပါအဝင် ဒေသခံတွေဟာ အမြဲတမ်း ရှောင်တိမ်းနေရတာပါ။
ပုလဲမြို့ပေါ်မှာဆိုရင်လည်း စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက်တွေမှာ အထိုင်ချစစ်ဆေးလေ့ရှိပါတယ်။
ဆေးခန်းပြဖို့၊ ဆေးဝယ်ဖို့ ဒေသခံတွေမြို့ပေါ်ကိုသွားတဲ့အခါမှာ ရိုက်နှက်စစ်ဆေးတာတွေ၊ မသင်္ကာလို့ ဖမ်းဆီးတာတွေလုပ်လေ့ရှိတာကြောင့် ရွာသားတွေဟာ ပုလဲမြို့ပေါ်ကိုမသွားကြဘူးလို့ ဆိုပါတယ်။
ကျန်းမာရေးကိစ္စနဲ့ အစားသောက်တွေဝယ်ဖို့လိုလာရင် ပုလဲမြို့အစား မုံရွာမြို့အထိသွားကြရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မကွေးတိုင်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေမှာလည်း ကိုယ်ဝန်သည် မိခင်တွေက အလားတူ အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ကျန်းမာရေးစောင့်ရှောက်ပေးနေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာတွေမှာလည်း ကိုယ်ဝန်သည်မိခင် ၁၀ ယောက်မှာ ၁ ယောက်သာ ကာကွယ်ဆေးရတဲ့အခြေအနေဖြစ်နေတယ်လို့ CDM ပြုလုပ်ထားတဲ့ ကျေးရွာ သားဖွား၊ မီးယပ်ဆရာမတဦးက ဆိုပါတယ်။
အဲဒီတယောက်ကလည်း မြို့ပေါ်အထိ ခက်ခက်ခဲခဲသွားပြီး ဆေးသွားထိုးခဲ့ရတာပါ။
"အာဏာသိမ်းပြီးတဲ့နောက် လက်ကျန် ကာကွယ်ဆေးတကြိမ်ပဲ ထိုးပေးလိုက်ရပြီးကတည်းက ရပ်သွားတယ်။ အခုထိပဲ" လို့ CDM ပြုလုပ်ထားတဲ့ ကျေးရွာသားဖွား၊ မီးယပ်ဆရာမတဦးက ပြောပါတယ်။
ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်မှာလည်း ကိုယ်ဝန်ဆောင်တွေ မကြာခဏ ကိုယ်ဝန်ပျက်ကျနေကြပါတယ်။ မီးဖွားပြီဆိုရင်လည်း ကြုံသလိုသာ သစ်ပင်တွေအောက်မှာအကာလုပ်ပြီး မီးဖွားပေးနေရတယ်လို့ CDM သူနာပြု ဆရာမတဦးက ပြောပါတယ်။
လက်ရှိ ပြည်သူ့ဆေးရုံကြီးတခုမှာ တာဝန်ကျနေတဲ့ Non-CDM ဆရာဝန်တဦးက ကိုယ်ဝန်သည်မိခင်တွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မေးခိုင်ကာကွယ်ဆေး ၂ ကြိမ်ထိုးရပြီး လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေကို ခံယူသင့်တယ်လို့ ပြောပါတယ်။
"ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အနေအထိုင်နဲ့အစားအသောက်က အဓိကပဲ။ မေးခိုင်ကာကွယ်ဆေးကတော့ ကလေးအတွက် ၂ ကြိမ်ထိုးပေးရတာ။ အဟာရမျှတအောင်စားရမယ်။ အိပ်ရေးဝအောင် အိပ်ရမယ်" လို့ အဲဒီဆရာဝန်က ပြောပါတယ်။
ဒါပေမဲ့ စစ်ပွဲဖြစ်နေတဲ့ဒေသတွေက စစ်ရှောင်မိခင်တွေကတော့ အိပ်ရေးဝအောင်အိပ်ဖို့ နေ့စဥ် အချိန်မှန်စားသောက်ဖို့ မလွယ်ဘူးလို့ စစ်ရှောင်စခန်းတွေမှာ လိုက်လံဆေးကုသပေးနေတဲ့ CDM ဆရာဝန်တဦးက ပြောပါတယ်။
သူက "ကိုယ်ဝန်သည်တွေရဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင်တော်တော်တော့ ခက်ခဲလိမ့်မယ်။ စစ်ကလည်း မရှောင်လို့ မရသလို ဆေးဝါးအနေနဲ့ကလည်း ကျွန်တော်တို့ ဆေးခန်းတွေမှာ လုံလုံလောက်လောက်မရှိဘူး" လို့ ဆိုပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာတော့ ကိုယ်ဝန်ဆောင်တွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေအပါအဝင် ဒေသခံတွေရဲ့ကျန်းမာရေးပြဿနာတွေကိုဖြေရှင်းဖို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂ(ဗကသ)များ အဖွဲ့ချုပ်က ကြိုးစားနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ကိုလွန်းညီက ဆိုပါတယ်။
ပေါက်မြို့နယ်ထဲက ကျေးရွာ ၂၄ ရွာက ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့နဲ့ ကိုယ်ဝန်ဆောင်တွေ မီးဖွားနိုင်ဖို့ ဆေးရုံတခုတည်ဖို့ စီစဉ်နေတယ်လို့ သူက ပြောပါတယ်။
လက်တလောမှာတော့ ဗကသများအဖွဲ့ချုပ်အနေနဲ့ CDM ကျန်းမာရေးမှူး ၁ ဦး၊ CDM သားဖွားဆရာမ ၃ ဦး၊ CDM သူနာပြု သင်တန်းကျောင်းသူ ၂ ဦးနဲ့ ဆေးအကူ ရဲဘော်- ၅ ဦးတို့နဲ့အတူ ပေါက်မြို့နယ်မြောက်ဘက်က ကျေးရွာတွေမှာ လှည့်လည်ကာ အခမဲ့ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
အခုအခါမှာ အထိုင်ဆေးရုံတခုတည်ဆောက်ပြီး ကလေးမီးဖွားခြင်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ထိထိရောက်ရောက်လုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ဆေးဝါးလုံလုံလောက်လောက်ရရှိဖို့နဲ့ ဆေးရုံမှာလိုအပ်တဲ့ ဆေးရုံသုံးပစ္စည်းဖြည့်ဆည်းနိုင်ဖို့ကိုတော့ အကူအညီ တွေ လိုက်လံရှာဖွေနေတယ်လို့ ကိုလွန်းညီက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကြောင်သန်းရွာက အသက် ၃၇ နှစ်အရွယ် မလှမေဟာ သူရဲ့ ၈ လကိုယ်ဝန်အတွက် ကာကွယ်ဆေးမထိုးရသေးသလို ကျန်းမာရေးစောင့်ရှောက်မှုကောင်းကောင်းလည်း မရသေးတာကြောင့် သူ့ကိုယ်သူ စိုးရိမ်နေပါတယ်။ ဒီကိုယ်ဝန်ဟာ သူ့အတွက် စတုတ္ထမြောက်ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ "သွေးပေါင်ချိန်တာ၊ ကိုယ်အလေးချိန်တိုင်းတာလောက်ပဲ လုပ်လို့ရတယ်။ ဘာကာကွယ်ဆေးမှမရဘူး" လို့ မလှမေက ပြောပါတယ်။
ဒါ့အပြင် မကြာခဏစစ်ရှောင်လို့ စားချိန် မမှန်၊ အိပ်ချိန် မမှန်ဖြစ်ကာ အပြင်းအထန်လှုပ်ရှားရတာတွေပါ လုပ်နေရတယ်လို့ ဆိုပါတယ်။
"ပြေးလိုက်ရတာမှ အပြန်မှာ မပြန်နိုင်တော့လို့ ဆွေမျိုးသားချင်းတွေဆီ လှမ်းပြီး ဆိုင်ကယ်ကြိုခိုင်းရတယ်" လို့ မလှမေက ပြောပါတယ်။
ဒေသအခြေအနေအရ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိတာကြောင့် သူ့အနေနဲ့ မြို့ပေါ်တက်ပြီး ကလေးမွေးဖို့ထက် အရပ်လက်သည်နဲ့ပဲမွေးဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။
အရင် အရပ်သားအစိုးရလက်ထက်မှာ ကိုယ်ဝန်ဆောင်စဉ်က မလှမေဟာ လစဥ်ဆေးစစ်ခွင့်၊ အားဆေးနဲ့ ကာကွယ်ဆေးတွေ ထိုးခွင့်ရခဲ့သလို ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေးငွေ ၃သောင်းကျပ်ကိုပါ ရရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် သူလွယ်ထားတဲ့ အခုကိုယ်ဝန်မှာတော့ အရင်ကလို ဘာကျန်းမာရေးစောင့်ရှောက်မှုမှ မရတော့ဘဲ မကြာခဏစစ်ရှောင်နေရပြီး အဟာရပြည့်ဝအောင်ပင် မစားနိုင်တော့တာကြောင့် သူက အခုလို ပြောပြပါတယ်။
“ကာကွယ်ဆေးက အရင်ကလေးတွေတုန်းက ရတယ်။ ဒီကလေးမှ မရတာကတော့ ကံပဲ”
#မြေလတ်အသံ
#ဆောင်းပါး #ကိုယ်ဝန်ဆောင် #ကာကွယ်ဆေး #စစ်ဘေးရှောင် #စစ်ကိုင်း #မကွေး #ပေါက် #မြိုင်
Share Share Share