စစ်ဘေးရှောင်လင်မယားချင်းစကားများရာက မိန်းမဖြစ်သူ ဓားထိုးခံရပြီး သေဆုံး

စစ်ဘေးရှောင်လင်မယားချင်းစကားများရာက မိန်းမဖြစ်သူ ဓားထိုးခံရပြီး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အင်းနားကျေးရွာမှာ စစ်ဘေးရှောင်လင်မယားစကားများရာက လူသတ်မှုဖြစ်ပွားခဲ့တယ်လို့  ထီးလင်းမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဆီက သိရပါတယ်။

အသတ်ခံရသူမှာ အင်းနားရွာဘုန်းကြီးကျောင်းမှာ စစ်ဘေးလာရှောင်တဲ့ အသက် ၃၉ နှစ်အရွယ် ဒေါ် စန္ဒာဌေးဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက် ည ၉ နာရီခန့်မှာ အမျိုးသားဖြစ်သူ ကိုထွန်းထွန်း အသက် ၃၆ နှစ်နဲ့ ၎င်းတို့ခိုလှုံရာဘုန်းကြီးကျောင်းအတွင်း စကားများရန်ဖြစ်ရာက ဓားထိုးခံရပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ ကျောင်းဝန်းထဲမှာ သူတို့ကို မီးစက်ခန်းအဟောင်းလေးတခု ပေးထားတာပေါ့။ သူတို့လင်မယား အဲ့မှာနေတာပေါ့။ သူ(ကိုထွန်းထွန်း)က အဲ့ထဲမှာ ဆေးသုံးဖို့လုပ်နေတဲ့အချိန် သူ့အမျိုးသမီးဝင်လာတယ်။ ဆေးကနည်းနည်းပဲ သုံးခင်ရတယ် (သုံးတယ်လို့ပြောတယ်)။ သုံးပြီးတော့ လင်မယားနည်းနည်းစကားအခြေတင်ဖြစ်တာ။” လို့ ထီးလင်းမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်ယောသွေးက မြေလတ်အသံကို ပြောပါတယ် ။

လင်မယားချင်း အချင်းများနေစဥ် အဆိုပါဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်နေတဲ့ အသက် ၂၁ နှစ်အရွယ်ရှိ ဒေါ်စန္ဒာဌေးရဲ့သားဖြစ်သူဝင်ရောက်လာကာ ကိုထွန်းထွန်းနဲ့ ထပ်မံစကားများခဲ့ပြီး ကိုထွန်းထွန်းက ကိုရင် ဖြစ်သူကို ဓားနဲ့ထိုးရာ ဒေါ်စန္ဒာဌေးကို ထိုးမိပြီး နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ သူ့အမျိုးသမီးဘက်ကပါတဲ့သားနဲ့ ထပ်ပြီးတော့ ပြဿာနာတက်တော့ တရားခံရဲ့ထွက်ဆိုချက်အရ ဓားနဲ့က ကိုရင်လေးကိုထိုးတာပေါ့နော်။ ထိုးတဲ့အချိန်မှာ သူ့အမေကရှေ့မှာ သွားလိုက်တဲ့အတွက် ထိုးမိသွားတာ။” လို့  အထက်ပါတာဝန်ခံက ပြောပါတယ်။

အခင်းဖြစ်ပွားပြီးတဲ့နောက် ကိုထွန်းထွန်းဟာ သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုကိုခံယူခဲ့ပြီး လက်ရှိမှာ ထီးလင်းမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ထိန်းသိမ်းထားကာ လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

“ သူ့အမျိုးသမီးကိုဓားနဲ့ ထိုးပြီးတဲ့အချိန်မှာ သူရွာထဲကိုခနထွက်လိုက်တယ်။ သူနဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးတဲ့ သူတယောက်ကို သူ့အမျိုးသမီးကို ဓားနဲ့ထိုးခဲ့မိတယ်ပြောပြီးတော့မှ သူချက်ချင်းပြန်လာတယ် “ လို့ ပြောပါတယ်။ 

ဓားဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ဒေါ်စန္ဒာဌေး ရုပ်အလောင်းကို  ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့စစ်ဆေးခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းလောက်မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကိုထွန်းထွန်းနဲ့ ဒေါ်စန္ဒာဌေးတို့ မိသားစုဟာ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာကနေ အင်းနားရွာကို စစ်ဘေးရှောင်ဖို့ လာရောက်နေတာဖြစ်ပြီး ထီးလင်းမြို့ နယ်ဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်မှုအားကောင်းတဲ့မြို့ဖြစ်ကာ ဒေသတွင်းအမှုအခင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက် တရားရေးဌာနက အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်နေတာ ၂ နှစ်ခန့်ရှိပြီလို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ထီးလင်း #လူသတ်မှု #စစ်ဘေးရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10