စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတဲ့ ရွာသား ၇ ဦး ထွက်ပြေးလွတ်မြောက်

စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတဲ့ ရွာသား ၇ ဦး ထွက်ပြေးလွတ်မြောက်

 

မကွေးတိုင်း၊ မြို့သစ်မြို့နယ် ကျေးရွာတွေထဲက  စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ရွာသား ၅၀ ကျော်ထဲက ရွာသား ၇ ဦး ဧပြီ ၂၆ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ထွက်ပြေးလွတ်မြောက် လာခဲ့တယ်လို့ သိရပါတယ်။ 

မြို့သစ်မြို့နယ် မန်ကျည်းချိုကျေးရွာမှာနေထိုင်တဲ့ အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေက လူအင်အား ၁၃ ယောက်နဲ့ ရောက်လာပြီး မေးမြန်းစရာရှိလို့ဆိုကာ ဧပြီ ၂၄ ရက် ည ၈နာရီကျော်လောက်မှာ မြို့သစ်ရဲစခန်း ထဲကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူက ဆိုပါတယ်။  

“ကျနော့် အိမ်ကလည်း စျေးရောင်းတဲ့အိမ်ဖြစ်တော့ သူတို့ (စစ်ကောင်စီ)က ကွမ်းဝယ်ချင်လို့ဆိုတော့ ကျနော်ကလည်း အပေါက်ဖွင့်ပေးတာပေါ့၊ အဲဒါကို ကျနော့် နာမည်ကိုခေါ်ပြီးတော့ စခန်းခဏလိုက်ခဲ့ပေး ပြီးကျပြန်ပို့ပေးမယ်တဲ့ အချုပ်ထဲလည်းရောက်ရော ပြန်လွတ်မပေးတော့ဘူး” လို့ သူက ပြောပါတယ်။

အဲဒီနောက် အချုပ်ခန်းထဲ ဖမ်းဆီးထားပြီး ၃ ရက်မြောက်နေ့မှာတော့ အဆိုပါအမျိုးသားနဲ့ အခြားကျေးရွာက လူတွေကို ဆေးစစ်ဆေးမှုပြုလုပ်ပြီးတဲ့နောက် မြို့သစ်မြို့ ရဲ့ လှိုင်နံ့သာ ဘုရားကျောင်းထဲကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲဒီဘုရားကျောင်းဝင်းထဲမှာလည်း ထပ်မံဖမ်းဆီးလာတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက နေရာချပေးနေစဉ် အခြားကျေးရွာက ဒေသခံ ၆ ဦးနဲ့အတူ ဘုရားကျောင်း အနောက်ပေါက်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့  ထွက်ပြေးလွတ်မြောက်လာသူတဦးက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၁၉ နှစ်ကနေ အသက် ၃၇ နှစ်အရွယ်တွေဖြစ်ကာ အဲဒီထဲမှာ မသန်စွမ်း အမျိုးသား ၂ ဦးလည်းပါဝင်ပြီး တဦးကိုတော့ ဆေးစစ်တဲ့နေ့မှာ ပြန်လွတ်ပေးခဲ့ပေမယ့်လည်း ကျန်တဦးကိုတော့ ပြန်လွတ်ပေးတာမျိုး မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

“ကျနော်တို့ထွက်ပြေးလာတော့ အိမ်မှာသွားရှာတယ်။ မိရင်တော့သေချာတယ် အရိုက်ခံရမှာ။ ဖမ်းထားတဲ့ အထဲမှာ ခြေထောက်တဖက် မသန်စွမ်းဖြစ်တဲ့သူ ၂ ယောက်ပါတယ်။ တယောက်ကိုတော့ပြန်လွတ်ပေးတယ်။ ကျန်တ ယောက်ကိုတော့ပြန် မလွတ်ပေးဘူး ” လို့ဆိုပါတယ်။

လက်ရှိမှာ အဆိုပါ ထွက်ပြေးလွတ်မြောက်လာသူ ၇ ဦးဟာ လုံခြုံတဲ့နေရာမှာ ရောက်ရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

“မြို့ရွာရပ်ကွက်တွေထဲမှာ ကျန်နေတဲ့ပြည်သူတွေအနေနဲ့ ဒီစစ်မှုမထမ်းမနေရ ဥပဒေနဲ့ ပတ်သက်ပြီးတော့ စကစကနေ အချိန်မရွေး ဖမ်းဆီးနိုင်တာကြောင့် ပြည်သူများအနေနဲ့ သတိရှိရှိနေကြဖို့တိုက်တွန်းချင်တယ်”လို့  မြို့သစ်ပကဖ တာဝန်ခံတဦးက ဆိုပါတယ်။

ဧပြီ ၂၄ ရက်ကလည်း လဲလူးကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး ကျေးရွာထဲက ပြည်သူတွေကို လိုက်လံဖမ်းဆီးစဉ်ထွက်ပြေးတဲ့အတွက် လက်နက်တွေ ပစ်ခတ်ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

 စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မြို့သစ်မြို့ #စစ်မှုထမ်း #စစ်ကောင်စီ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10