စစ်မှုထမ်းဟောင်းတွေ စစ်မှုပြန်ထမ်းဖို့ ငြင်းလို့မရမဲ့ အရန်တပ်ဖွဲ့ဥပဒေကို အသက်သွင်း

စစ်မှုထမ်းဟောင်းတွေ စစ်မှုပြန်ထမ်းဖို့ ငြင်းလို့မရမဲ့ အရန်တပ်ဖွဲ့ဥပဒေကို အသက်သွင်း

နအဖစစ်အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ စစ်တပ်က နုတ်ထွက်၊ အငြိမ်းစားရယူထားတဲ့ စစ်မှုထမ်းဟောင်းတွေ စစ်မှုမထမ်းမနေ တာဝန်ပြန်ထမ်းရမယ့် အရန်တပ်ဖွဲ့ဥပဒေကို အာဏာတည်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက် ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ယင်းဥပဒေအရ စစ်ကောင်စီတပ်က နုတ်ထွက်၊ အငြိမ်းစားရယူထားတဲ့ရက်ကနေ ၅ နှစ်အတွင်းရှိ စစ်မှုထမ်းဟောင်းအားလုံး အရန်တပ်ဖွဲ့မှာ စစ်မှုပြန်ထမ်းဖို့တာဝန်ရှိတယ်လို့ ပါဝင်ပါတယ်။

သတ်မှတ်နှစ်အတွင်း အကျုံးဝင်တဲ့ စစ်မှုထမ်းဟောင်းတွေကို စစ်မှုထမ်းဆောင်ရန်ပြန်လည်ဆင့်ခေါ် ခံရစဉ် လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ လာရောက်သတင်းပို့ခြင်းမရှိရင် ၃ နှစ်ထက်မပိုတဲ့  ထောင်ဒဏ်နဲ့ငွေဒဏ် ၂ ရပ်လုံးချမှတ်ခံရနိုင်တယ်လို့ ဆိုပါတယ်။

“ သက်ပြည့်နဲ့ထွက်တဲ့ စစ်မှုထမ်းဟောင်းတော်တော်များများက အသက်တွေလည်းကြီးပြီမလို့ အေးဆေးနေပြီး ရှောင်တဲ့သူတွေများတယ်။ သူတို့စစ်တပ်ကို မထောက်ခံတာမဟုတ်ဘူး ထောက်ခံတယ်။ ခိုင်းရင်တော့ မလုပ်ချင်ကြတော့ဘူး။ အဲ့ဒီလိုလူတွေ များနေလို့ ဖြစ်မယ် မထမ်းမနေရဆိုပြီး ပြဌာန်းပြီး ဇွတ်ခိုင်းဖို့လုပ်တာ” လို့ ရန်ကုန်မြို့နေထိုင်တဲ့ စစ်မှုထမ်းဟောင်းတဦးက ပြောပါတယ်။

ဇန်နဝါရီလကုန်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဟောင်းတွေကို အရန်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုပြန်လည်ထမ်းဆောင်ဖို့ ညွှန်ကြားချက်ထုတ်ပြန်ခေါ်ယူခဲ့ပြီး ယင်းညွှန်ကြားချက်အပေါ်လိုက်နာသူနည်းပါးလို့ အခုလို အရေးယူနိုင်မဲ့ ဥပဒေထုတ်ပြန်ခေါ်ယူတာလို့ စစ်မှုထမ်းဟောင်းအသိုင်းအဝိုင်းက ဆိုပါတယ်။

စစ်အာဏာမသိမ်းမီက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အသက် ၆၀ ပြည့်မြောက်ပါက စစ်ကောင်စီတပ် က သက်ပြည့်အငြိမ်းစားရယူနိုင်ပေမယ့် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ နှစ်ဆန်းပိုင်းမှာ သက်ပြည့် ပင်စင်ရယူနိုင်မယ့် အသက်ကို ၂ နှစ်တိုးမြှင့်ကာ ၆၂ နှစ်အထိ စစ်ကောင်စီကသတ်မှတ်ခဲ့တာပါ။

အင်အားနည်းပါးလာတဲ့ စစ်ကောင်စီတပ်က တနိုင်ငံလုံး စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်မှာအသက်သွင်းထုတ်ပြန်ပြီးတဲ့နောက် စစ်မှုထမ်းဟောင်းတွေကိုလည်းမဖြစ်မနေ စစ်မှုထမ်းဆောင်ဖို့ အရန်တပ်ဖွဲ့ဥပဒေကိုကျင့်သုံးပြီး ပြင်ဆင်လာတာဖြစ်ပါတယ်။

ပုံစာ - ရန်ကုန်မြို့ရှိ စစ်မှုထမ်းဟောင်းများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်တွေ့ဆုံစဉ်(ပုံဟောင်း)။

#မြေလတ်အသံ

#သတင်း #စစ်မှုထမ်းဟောင်း #အရန်တပ်ဖွဲ့ #အရန်တပ်ဖွဲ့ဥပဒေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10