စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမြို့နယ်က လမ်းပိုင်း ၃ ခုကို မဖြတ်သန်းဖို့ ပကဖအသိပေး

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမြို့နယ်က လမ်းပိုင်း ၃ ခုကို မဖြတ်သန်းဖို့ ပကဖအသိပေး

စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းက လမ်းပိုင်း ၃ ခုကို နိုဝင်ဘာ ၂၇ ရက်ကစပြီး ဖြတ်သန်းသွားလာတာမလုပ်ဖို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။ 

ပွင့်ဖြူမြို့နယ်ထဲက ပုသိမ်-မုံရွာလမ်းပိုင်း၊ စံပြ-ဆည်တော်လမ်းပိုင်း (တောင်ဘက် မြောင်းဘောင်လမ်းပိုင်း)၊ မဲဇလီအနီး ရေလမ်းပိုင်းတို့ကို မဖြတ်သန်းကြဖို့ အသိပေးထားတာလို့ ဆိုပါတယ်။ 

“စစ်ကောင်စီစစ်ကြောင်းတွေ ပြန်ဆုတ်သွားလို့ စစ်ကြောင်းတွေငြိမ်သွားရင် ကျနော်တို့ နယ်မြေရှင်းလင်းရေးလုပ်ပြီးရင် ပြန်ဖွင့်မှာပါ။ ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစေချင်လို့ စီမံဆောင်ရွက်ရတဲ့အခြေအနေပါ။" လို့ မင်းဘူးခရိုင်ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောပါတယ်။ 

ပွင့်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီကမြေမြှုပ်မိုင်းတွေလည်းထောင်ထားပြီး လက်ရှိမှာလည်း မဲဇလီတံတားထိပ်ရှိ ကုန်းမြင့်ပိုင်းတွေမှာနေရာယူကာ ပစ်ခတ်မှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။ 

“စစ်ကောင်စီဘက်ကနေပြီး လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခတ်နေတာ၊ စက်လတ်တွေနဲ့ပါ ဆွဲတယ်။ MA 2 နဲ့ ပစ်တဲ့သံတွေပါ ကျနော်တို့ကြားနေရတယ်။ မဲဇလီတံတားထိပ် ကုန်းမြင့်တွေကနေ စစ်ကောင်စီက နေရာယူပြီး ပစ်ခတ်နေတာ။” လို့ သူကပြောပါတယ်။ 

စစ်ကောင်စီဘက်က အင်အားဖြည့်တာ၊ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးစစ်ဆေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ 

ကျန်းမာရေးကိစ္စတွေကြောင့် အရေးတကြီးသွားဖို့လိုအပ်ရင်တော့ သွားခွင့်ပြုမှာဖြစ်ပြီး နောက်ထပ် ထုတ်ပြန်ချက်တစုံတရာ မထုတ်ခင်အထိတော့ လမ်း‌တွေပိတ်ထားမှာလို့လည်း မင်းဘူးခရိုင် ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ဆက်ပြောပါတယ်။ 

ဒါ့အပြင် ပွင့်ဖြူမြို့နယ်က ကျွဲခြံ၊ လယ်မရွာ၊ မဲဇလီ၊ ဆည်တော်ရွာဘက်မှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #ပကဖ #လမ်းပိတ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10