စစ်ရှောင်ကလေးငယ် ၁၈၀ ကျော်စာသင်နေတဲ့ "သုည" Federal School လေကြောင်းနဲ့ ဗုံးကြဲခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကကျေးရွာတရွာမှာ စစ်ရှောင်ကလေးငယ် ၁၈၀ ကျော်စာသင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ  - NUG လက်အောက် "သုည" Federal School စာသင်ကျောင်း လေယာဉ်နဲ့ပေါင် ၅၀၀ ဗုံးကြဲခံရတယ်လို့ ကျောင်းတာဝန်ရှိသူတွေထံက သိရပါတယ်။

မေ ၄ ရက် ည ၇ နာရီကျော်မှာ စစ်တပ်တိုက်လေယာဥ်က စာသင်ကျောင်းတည်ရှိရာ ကျေးရွာဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး ၄ လုံးကြဲချခဲ့ရာ စာသင်ဆောင်တွေနဲ့ စာသင်ဆောင်အနီးလမ်းပေါ်ကို ၂ လုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

စာသင်ဆောင်ပေါ် ဗုံးကျရောက်ပေါက်ကွဲလို့ စာသင်ဆောင်အားလုံးပျက်စီးသွားသလို အနီးရှိ နေအိမ် ၂ လုံးပါ ပျက်စီးသွားပြီး အသက် ၅၀ ကျော်အမျိုးသား ၁ ဦးဟာ တင်ပါးအပါအဝင် ခန္ဓာကိုယ်တွေမှာ ဗုံးစမှန်ဒဏ်ရာရသွားပါတယ်။

“ ထိတွေ့မရှိဘဲ လာပစ်သွားတာ။ စာသင်ကျောင်းကတော့ ပြင်းပြင်းထန်ထန်ကို ပျက်စီးသွားတာ။ ထိသွားတဲ့ရွာသားတယောက်ကလည်း အခုဆေးဝါးကုသမှုခံယူနေတယ်။ ကျန်တဲ့ရွာတွေဘက်ကတော့ နေအိမ်တွေထိမှန်သွားတယ် အများကြီးတော့မဟုတ်ဘူး ” လို့ ပေါက်ပကဖအဖွဲ့ဝင် ကိုစစ်က ပြောပါတယ်။

ဗုံးကြဲခံရတာကြောင့် ဒေသခံတွေနဲ့ စာသင်ကြားနေတဲ့ကလေးငယ်တွေ စိုးရိမ်ကြောက်လန့်နေကြပြီး အခြားကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရလို့ စာသင်ဆောင်ပြန်လည်တည်ဆောက်ဖို့နဲ့ စာသင်ကြားဖို့ အခက်ခဲပေါင်းများစွာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အဆိုပါစာသင်ကျောင်းဟာ စစ်ရှောင်ကျေးရွာ ၃ ရွာနဲ့ပျူစောထီးလက်အောက်ကနေထွက်ပြေးလာတဲ့ မိသားစုဝင်တွေရဲ့ကလေးငယ် စုစုပေါင်း ၁၈၀ ကျော်ကို KG ကနေ Gread 10 ထိသင်ကြားပေးနေတဲ့ကျောင်းဖြစ်ပြီး CDM ဆရာ/ဆရာမ ၅ ဦး၊ လုပ်အားပေး ဆရာ/ဆရာမ ၁၀ ဦး နဲ့ သင်ကြားနေကြတယ်လို့ သိရပါတယ်။

၂၀၂၂ အောက်တိုဘာလအတွင်းက စစ်ကောင်စီစစ်ကြောင်းဟာ အဆိုပါကျေးရွာအတွင်းဝင်ရောက် မီးရှို့စဥ်ကလည်း နေအိမ်တွေနဲ့အတူ "သုည" Federal School စာသင်ဆောင်တွေပါ မီးရှို့ခံခဲ့ရလို့ ဒေသခံပြည်သူတွေရဲ့ ဝိုင်းဝန်းကူညီထောက်ပံ့ပေးမှုနဲ့ ယခင်နှစ် ဇူလိူင် ၁၉ ရက်မှာ ကျောင်းဆောင်အသစ်တွေပြန်လည်တည်ဆောက်ကာ စာသင်ကြားပေးနေတာဖြစ်ပါတယ်။

စာတည်း - ဟိန်းစံ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေး #ပေါက် #သုညFederalSchool #စစ်တပ် #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10