စစ်သင်္ဘောတွေ ရွှေကူဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို ဒီနေ့ ဆန်တက်နေ

စစ်သင်္ဘောတွေ ရွှေကူဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို ဒီနေ့ ဆန်တက်နေ

မန္တလေးမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်နေတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေဟာ ဒီနေ့မနက်မှာ ရွှေကူဆိပ်ကမ်းကနေ ဗန်းမော်မြို့ဘက်ကို ဆန်တက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်သင်္ဘောတွေဟာ သြဂုတ် ၁၅ရက် မနေ့ နေ့လယ် ၁၂ နာရီမှာ ရွှေကူဆိပ်ကမ်းကနေ ဆန်တက်ခဲ့ပြီးနောက် ရွှေကူမြို့အကျော်က ကျွန်းတော်ရွာမှာ ရွှေကူမြို့နယ် ပကဖနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ရွှေကူဆိပ်ကမ်းမှာ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဒီနေ့ မနက် ၇ နာရီမှာ ပြန်ဆန်တက်နေတာလို့ ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"အထိခိုက်ကိုတော့ မသိရဘူး။ ကျွန်တော်တို့က ကမ်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဝိုင်း ပစ်ခဲ့ကြတယ်။ အပစ်ခံရပြီး သင်္ဘောတွေအကုန်ဆိပ်ကမ်းပြန်ကပ်ပြီး ဒီနေ့မနက်မှ ဆန်တာ"လို့ ၎င်းက ဆက်ပြောပါတယ်။

အဲ့ဒီစစ်သင်္ဘောတွေဟာ သြဂုတ် ၇ ရက်ကတည်းက ရွှေကူမြို့ဆိပ်ကမ်းကိုကပ်ထားပြီး ဖမ်းဆီးထားတဲ့ ဓားစာခံ ၅၀ ဦးလည်း ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

"စစ်သင်္ဘောတွေက ဖမ်းသွားတဲ့ဒေသခံတွေနဲ့ အချုပ်သားတွေလည်း မလွတ်လာသေးပါဘူး။ ဒီကောင်တွေ ဘာလုပ်ဖို့ကြံနေလဲ မသိဘူး။ ဒေသခံတွေ အဖမ်းခံထားရတာ ၁၀ ရက်လောက်ရှိပြီ" လို့ ထီးချိုင့်ကဒေသခံ တဦးကလည်းပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေက ထီးချိုင့်မြို့က အချုပ်သား ၃၀ ခန့်နဲ့ မြစ်ကမ်းဘေးကျေးရွာတွေဖြစ်တဲ့ ကလုန်ရွာက ဒေသခံ ၁၅ ယောက်၊ နတ်အင်းရွာက ဒေသခံ ၁၇ ယောက်တို့ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ထောက်ပို့ စစ်သင်္ဘောတွေဟာ ဇူလိုင် ၂၆ ရက်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကနေ ဗန်းမော်မြို့ဘက်ကို ဆန်တက်ခဲ့ပြီး လမ်းတလျှောက်ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ခဲ့တာကြောင့် ကလေးငယ်တဦးအပါအဝင် လူ ၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃ ဦး ရှိခဲ့ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးမြို့ #ဗန်းမော်မြို့ #စစ်ကောင်စီ #စစ်သင်္ဘော #ရွှေကူ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10