စစ်အာဏာရှင်ဟောင်း သန်းရွှေရဲ့သားမက် ဒေါက်တာနေစိုးမောင်ကို မင်းအောင်လှိုင်ဖမ်း     ■ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်လည်လာပြီးနောက်မှာ အဖမ်းခံရတာလို့ဆို

စစ်အာဏာရှင်ဟောင်း သန်းရွှေရဲ့သားမက် ဒေါက်တာနေစိုးမောင်ကို မင်းအောင်လှိုင်ဖမ်း  ■ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်လည်လာပြီးနောက်မှာ အဖမ်းခံရတာလို့ဆို

 

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့သားမက် ဒေါက်တာနေစိုးမောင်ကို မင်းအောင်လှိုင်ရဲ့အာဏာသိမ်းစစ်တပ်က မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်ရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၂၄ အောက်တိုဘာ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဒေါက်တာနေစိုးမောင်ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေအောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်တာကြောင့် ၂၀၂၄ အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီခွဲမှာ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုထားပါတယ်။ 

ဦးသန်းရွှေရဲ့သမီး ဒေါ်ကြည်ကြည်ရွှေနဲ့ အိမ်ထောင်ကျခဲ့တဲ့ ဆရာဝန်တဦးဖြစ်သူ ဒေါက်တာနေစိုးမောင်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အစောပိုင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ပူးပေါင်းတဲ့ပုံတချို့ကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ 

အောက်တိုဘာလ ဒုတိယအပတ်က အာဏာသိမ်းစစ်တပ် ဖမ်းဆီးထားစဉ်ဆုံးပါးသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်မှာလည်း ဒေါက်တာနေစိုးမောင်က မန္တလေးမြို့ကို စမတ်စီးတီးဖြစ်အောင်လုပ်ခဲ့သူ ဒေါက်တာဇော်မြင့်မောင်ကို ဂါဝရပြုကြောင်းနဲ့ နာမကျန်းဖြစ်နေချိန်မှာ ဆရာဝန်တယောက်အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း သူ့ရဲ့ဖေ့စ်ဘွခ်ပေ့ချ်မှာ ဖော်ပြခဲ့ပါတယ်။ 

အဲ့ဒီနောက် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်လည်ကိုလာပြီးနောက်ပိုင်းမှာ သူခုလိုအဖမ်းခံရတာလို့ မန္တလေးမြို့ခံတွေကြားထဲမှာ ပြောဆိုမှုတွေရှိနေပါတယ်။ 

သူ့ဖေ့စ်ဘွခ်စာမျက်နှာမှာ နောက်ဆုံးတင်ထားတဲ့ အောက်တိုဘာ ၁၁ ရက် ပို့စ်မှာတော့ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ နတ်တန်ကူးကျေးရွာမှာ စစ်ရှောင်နဲ့ ရေဘေးသင့်သူတွေကို သွားရောက်လှုဒါန်းခဲ့တဲ့ ရုပ်သံမှတ်တမ်းကို တွေ့ရပါတယ်။ 

ဒေါက်တာနေစိုးမောင်ဟာ တပ်မတော်ဆေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစားတဦးဖြစ်ပါတယ်။ သူ့ဖခင် ဗိုလ်ချုပ် (Major General) တင်စိန်ဟာလည်း မဆလခေတ်မှာ ဒုတိယကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့သူ ဖြစ်ပါတယ်။  

မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်ဟာ သူတို့ကိုဝေဖန်ထောက်ပြသူမှန်သမျှကို ဖမ်းဆီးအရေးယူလျက်ရှိရာ အာဏာသိမ်းစစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့နဲ့ တပတ်စဉ်တည်းဖြစ်တဲ့ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်း ဒုတိယဗိုလ်မှူးကြီးဟောင်း၊  သမ္မတဦးသိန်းစိန်လက်ထက် ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့သူ ဦးရဲထွဋ်ကိုလည်း ၂၀၂၃ နိုဝင်ဘာမှာ အစိုးရကို အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ - က နဲ့ ထောင်ဒဏ် ၇ နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် ၃ နှစ်  စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။ 

ပုံစာ - ၂၀၂၁ စစ်အာဏာသိမ်းမှုအစောပိုင်းကာလက ရန်ကုန်မြို့ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ ဒေါက်တာနေစိုးမောင်/ Dr. Nay Soe Maung’s Fb

#မြေလတ်အသံ

#ဒေါက်တာနေစိုးမောင် #ဖမ်းဆီးခံရ #စစ်ကောင်စီ #သန်းရွှေ #မင်းအောင်လှိုင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10