စဉ့်ကူးမှာ စစ်ရှောင်နဲ့ဒေသခံပြည်သူ ၈၀၀၀ ကျော် ရေဘေးသင့်ပြီး အခက်အခဲမျိုးစုံကြုံနေရ (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတွေနဲ့ စစ်ရှောင်နေရာတွေမှာ ဇွန်လနှောင်းပိုင်းကစလို့ ဧရာဝတီမြစ်ရေ ကြီးလာတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်တွေမှာ အခက်အခဲမျိုးစုံကြုံတွေ့နေကြရတယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ ဆီက သိရပါတယ်။

ဧရာဝတီမြစ်ရေဟာ တရက်ကို ၁ ပေခန့်မြင့်တက်လာပြီး မြစ်ကမ်းနံဘေးမှာရှိတဲ့ ကျေးရွာတွေနဲ့အတူ သဲသောင်ခုံပေါ်မှာ နေထိုင်ကြတဲ့ စစ်ရှောင်တဲတွေမှာလည်း ရေနစ်မြုပ်နေကြတာပါ။

စဥ်ကူးနယ်ထဲက ကြက်တူရွေးရွာ၊ မြစ်ကမ်းကြီးရွာ၊ ဟင်္သာမရွာ၊ တော်ရွာ၊ ကျွန်းတော်၊ ကျွန်းကြီး၊ ဇီးကုန်း စတဲ့ရွာပေါင်း ၁၄ ရွာခန့်နဲ့ စစ်ရှောင်တွေနေထိုင်တဲ့ တဲအိမ်တွေရေနစ်မြှုပ်နေပြီး လူဦးရေ ၈၀၀၀ ခန့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။

ရေကြီးလာတာကြောင့် ဆက်လက်နေထိုင်လို့မရတဲ့ ပြည်သူတွေမှာ ဘေးလွတ်ရာကုန်းမြင့်နေရာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြရသလို ရေလွတ်နေသေးတဲ့ အိမ်တွေက မပြောင်းရွှေ့သေးဘဲ နေထိုင်နေကြပေမယ့် စာဝတ်နေရေး၊ ကျန်းမာရေးအခက်အခဲတွေ ရှိတယ်နေလို့ ဆိုပါတယ်။

အခုလို ဧရာဝတီမြင့်ရေကြီးမြင့်လာချိန်မှာ မိုးကလည်းရွာနေကာ ရေဘေးသင့်ပြည်သူတွေအနေနဲ့ အိမ်တိုင်းမှာ လှေမရှိကြလို့ စားသောက်ကုန်ဝယ်ယူရေး၊ ကလေးငယ်တွေ ကျောင်းတက်နိုင်ဖို့နဲ့ ကျန်းမာရေးဆေးကုဖို့ကိုလည်း သွားရေးလာရေးတွေမှာ ခက်ခဲနေကြတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် စဉ့်ကူးမြို့နယ်အတွင်းက စစ်ရှောင်တဲအိမ်တွေနဲ့ ကျေးရွာတွေသာမကဘဲ ဝက်လက်မြို့နယ်က ရွာသာကျေးရွာက နေအိမ်တွေလည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မန္တလေး #စဉ့်ကူး #ဧရာဝတီ#မြစ်ရေကြီး #စစ်ရှောင် #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10