သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မှာ စပါးအသင်းကို အိမ်ကွင်း အီတီဟတ်မှာပဲ ၄ ဂိုး ဂိုးမရှိရလဒ်နဲ့ မန်ချက်စတာစီးတီး ရှုံးနိမ့်ခဲ့ပြီး ဒါဟာ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။
လတ်တလောမှာပဲ ဘလွန်းဒီအောဆု ရရှိထားတဲ့ အဓိက ကွင်းလယ်ကစားသမား ရိုဒရီ အပါအဝင် ကိုဗာဆစ်၊ ရူဘင်ဒီယက်စ်၊ ဒိုကူ၊ အော်စကာဘော့ဘ် အစရှိတဲ့ ကစားသမားတွေ ဒဏ်ရာပြသနာနဲ့ကြုံတွေ့နေရချိန် အခုလို ၅ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး ဒီ ၅ ပွဲအတွင်း ပေးဂိုး ၁၄ ဂိုးအထိ ခွင့်ပြုထားခဲ့ရကာ ၄ ဂိုးသာ သွင်းယူထားခဲ့နိုင်တာပါ။
၅ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်တွေဟာ ကာရာဘောင်းဖလားပွဲ ၁ ပွဲ၊ ချန်ပီယံလိဂ် ၁ ပွဲနဲ့ ပရီးမီးယားလိဂ် ၃ ပွဲတို့ဖြစ်ပြီး ကာရာဘောင်းပွဲစဉ်နဲ့ ယမန်နေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းကိုရှုံးနိမ့်ခဲ့ရတာကြောင့် ဒီ ၅ ပွဲအတွင်း စပါးကိုပဲ ၂ ကြိမ် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
နောက်ဆုံး ၇ နှစ်အတွင်း ၆ ကြိမ်အထိ ပရီးမီးယားလိဂ်ဖလားရယူထားနိုင်ခဲ့တဲ့ မန်စီးတီးဟာ ဒီရာသီမှာလည်း ဖလားရယူဖို့ ရေပန်းစားခဲ့ပေမယ့် အခုလို ရှုံးနိမ့်မှုတွေကြောင့် လက်ရှိဇယားထိပ်မှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ အမှတ်ကွာဟချက် ကြီးမားလာသလို အဆင့် ၃၊ ၄၊ ၅ နေရာမှာရှိတဲ့ ချဲလ်ဆီး၊ အာဆင်နယ်၊ ဘရိုက်တန်တို့နဲ့ ၁ မှတ်သာကွာဟခဲ့လို့ မန်စီးတီးအတွက် ဒါဟာ စိုးရိမ်စရာအခြေအနေ ဖြစ်ပါတယ်။
ဒီဇင်ဘာ ပွဲကြပ်ကာလ မတိုင်ခင်မှာတင် ပရီးမီးယားလိဂ်မှာ ရမှတ် ၉ မှတ်အထိ ဆုံးရှုံးခဲ့ရတဲ့ မန်စီးတီးအသင်းဟာ ဒီတစ်ရာသီလုံးနားလိုက်ရတဲ့ ရိုဒရီနဲ့ ဒီဇင်ဘာလလယ်လောက်မှ ဒဏ်ရာကနေပြန်လာနိုင်မယ့် ကိုဗာဆစ်တို့ မရှိချိန် ကွင်းလယ်အဖျက်နေရာကို ဖြည့်တင်းနိုင်မယ့် ကစားသမားမရှိလို့ ဆက်လက် ရုန်းကန်ရဦးမှာပါ။
လာမယ့် ဒီဇင်ဘာပွဲကြပ်ကာလအတွင်းမှာလည်း လီဗာပူးလ်၊ နော်တင်ဟမ်ဖောရက်စ်၊ ခရစ္စတယ်ပဲလေ့စ်၊ မန်ချက်စတာယူနိုက်တက်၊ အက်စတွန်ဗီလာ၊ အဲဗာတန်၊ လက်စတာ တို့နဲ့ ပရီးမီးယားလိဂ် ၇ ပွဲနဲ့ ဂျူဗင်တပ်နဲ့ ချန်ပီယံလိဂ် ၁ ပွဲ စုစုပေါင်း ၁ လအတွင်း ၈ ပွဲ ကစားရမှာကြောင့် မန်စီးတီးတို့အတွက် ခက်ခဲမယ့်ကာလတခုပါ။
လက်ရှိ အဆင့် ၁ နေရာက လီဗာပူးလ်ဟာ မန်စီးတီးကို ၁ ပွဲလို ၅ မှတ်ဖြတ်ထားနိုင်ပြီး ဒီနေ့ည ယှဉ်ပြိုင်မယ့် ဆောက်သမ်တန်ကို လီဗာပူးလ်အနိုင်ရခဲ့ရင် ၈ မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်လို့ လာမယ့်ပွဲစဉ်တွေမှာ မန်ချက်စတာစီးတီးအသင်း ဘယ်လိုပြန်လာနိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
#မြေလတ်အသံ
#ပရီးမီးယားလိဂ် #ချန်ပီယံလိဂ် #မန်စီးတီး #အားကစား #ဘောလုံး
Share Share Share