စမုံဆည်ကျိုးကျလို့ ဆည်အောက်က ကျေးရွာပေါင်း ၂၀ ကျော် ၁၀ ပေကျော် ရေတက်လာပြီး ပိတ်မိ ■ ကူညီကယ်ဆယ်သူတွေရောက်မလာသေး

စမုံဆည်ကျိုးကျလို့ ဆည်အောက်က ကျေးရွာပေါင်း ၂၀ ကျော် ၁၀ ပေကျော် ရေတက်လာပြီး ပိတ်မိ ■ ကူညီကယ်ဆယ်သူတွေရောက်မလာသေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်ရှိ စမုံဆည်ကျိုးကျလို့ ဆည်အောက်ဘက်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာ ရေအမြင့် ၁၀ ပေကျော်ထိတက်လာပြီး ရွာခံတွေပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာ စမုံဆည်ကျိုးကျပြီး ဆည်အောက်ဘက်ကျေးရွာတွေကို ရေတွေဝင်လာပြီးနောက် စက်တင်ဘာ ၁၂ ရက် ဒီမနက်ပိုင်းမှာ ၁၀ ပေကျော်ထိရေမြင့်တက်လာတယ်လို့ ဆိုပါတယ်။

"ည ၆ နာရီလောက်ကစပြီး ရေတက်တာ။ ည ၈ နာရီလောက်တော့ လှေကားသုံးထစ်လောက်မြုပ်လာပြီး ညလယ်လောက်မှာ အောက်ထပ်မြုပ်ပြီး အိမ်ပေါ်ထိရေတက်လာနေတာ။ အိမ်က ၁၈ ပေအမြင့်လောက် ရှိတယ်။ အိမ်သေးလေးတွေဆို အကုန်မြုပ်တယ်။ အိမ်အမြင့်ဆိုရင် အပေါ်ထပ်တောင် ရေတက်တယ်။"လို့ သပြေသာကျေးရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။

ရေကြီးနစ်မြုပ်နေပေမယ့် စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းထိ ကူညီကယ်ဆယ်ရေးအဖွဲ့တွေမရောက်လာသလို အစားအသောက်နဲ့ရေတွေလည်းမရှိတော့လို့ စားသောက်ရေးအခက်ခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

"စမုံမြစ်တလျှောက်လုံးက ရွာတွေအကုန် ရေနစ်နေတာ။ နေရာတိုင်းက အရေးပေါ်ဖြစ်နေတာ။ ကူညီကယ်ဆယ်သူတွေ မရောက်ကြဘူး။ အားလုံးက ကိုယ်ထူကိုယ်ထ လုပ်နေကြရတယ်။ "လို့ ဝမ်းတွင်းမြို့နယ်သတင်းတွေကို ရေးသားဖြန့်ဝေပေးနေတဲ့ Voice of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စမုံဆည်အောက်ဘက်က အလယ်ကန်၊ ကြွယ်ကန်၊ ကျောက်အိုး၊ သပြေသာ၊ ထန်းပင်ကုန်း၊ ခြင်္သေ့လက်၊ ညောင်ပင်ရွာ၊ ကိုင်း၊ ရိုးစုံ၊ ညောင် အုပ်ဖီး၊ ကုန်းရွာ၊ ဒုန်းကုန်း စတဲ့ကျေးရွာပေါင်း ၂၀ ကျော်က လူဦးရေ သောင်းနဲ့ချီ ရေဘေးသင့်နေတယ်လို့ သိရပါတယ်။

ရေကြီးချိန် နေအိမ်အချို့ ရေနဲ့အတူမျောပါသွားတာ၊ လူတွေပါမျောပါသွားတာတွေရှိနေပြီး လူသေဆုံးတာတွေလည်းရှိနေတယ်လို့ ဆိုကြပေမယ့် မြေလတ်အသံက အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။

အဆိုပါ စမုံဆည်ကို ၁၉၉၀ ခုနှစ်ဝန်းကျင်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး စပါးစိုက်ဧက ၄ သောင်းကျော်ကို ရေပေးဝေဖို့အတွက် လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #ဝမ်းတွင်း #စမုံဆည် #ဆည်ကျိုး #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10