စမုံဆည်ကျိုးလို့ ရွာပေါင်း၂၀ ကျော် အပျက်အစီးများပြီး လူသောင်းနဲ့ချီ အကူအညီလိုအပ်နေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က စမုံဆည်ကျိုးကျခဲ့တာကြောင့် ဆည်အောက်ဘက်ရှိ ကျေးရွာတွေမှာ ရေဘေးသင့်ခဲ့ရပြီး အခုရေပြန်ကျချိန်မှာ အပျက်အစီးများတဲ့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၄ ရက်ကစပြီး ရေပြန်ကျခဲ့ပြီးနောက် အများစုမှာ လူနေအိမ်၊ အဆောက်အဦး၊ စိုက်ခင်း၊ အိမ်တွင်းပစ္စည်း၊ ကောက်ပဲသီးနှံ၊ ကျွဲနွားစတဲ့ တိရိစ္ဆာန်တွေပျောက်ဆုံးပျက်စီးခဲ့တာကြောင့် ပြန်လည်ရပ်တည်ဖို့ အကူအညီတွေလိုအပ်နေတာလည်း ဖြစ်ပါတယ်။ 

"ကျမတို့ရောက်ခဲ့တဲ့ ဆူးပန်းရွာဆို ရွာထဲဝင်လိုက်တာနဲ့ သက်ကြီးဘိုးဘွားတွေက သူတို့အိမ် အခြေနေတွေကိုပြတယ်။ ဘာဆိုဘာတခုမှ မကျန်တာ။ အချို့ဆို အိမ်ရော ဝိုင်း(ခြံ)ရော ပျောက်သွားတာ။ အဲ့လိုလူတွေလည်းအများကြီးပဲ။ ရွာတခုလုံးမှာ အကောင်းတိုင်းကျန်တာ တခုမှမရှိဘူး။” လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

ဆူးပန်းရွာမှာ အိမ်ခြေ ၇၂၀ ရှိပြီး အဲ့ဒီရွာကဒေသခံတွေဟာ ရေကြီးချိန်မှာ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ရေနဲ့မျောပါသွားတာကို မဆယ်ယူနိုင်ဘဲ လူတွေအသက်ရှင်ဖို့ကိုသာ ကြိုးစားခဲ့ကြရတယ်လို့ ဒေသခံတွေပြောပြတဲ့ အခြေအနေကို အထက်ပါအမျိုးသမီးက ပြန်ပြောပြပါတယ်။ 

ရေပြန်ကျချိန် ဒေသခံတွေက မျောပါသွားတဲ့ ကျွဲ၊ နွားတွေကိုလိုက်လံရှာဖွေရာ အချို့ကျေးရွာတွေမှာ ပြန်တွေ့ရပြီး ဆယ်ယူထားသူတွေက အလကားပြန်ပေးပေမယ့် အချို့သူတွေက ငွေနဲ့ပြန်ရွေးခဲ့ကြရတာ၊ အချို့သူတွေကတော့ သတ်ဖြတ်စားသောက်လိုက်တာတွေလည်းရှိတယ်လို့  သူကဆက်ပြောပါတယ်။ 

ရေကြီးလို့ စမုံမြစ်ကမ်းဘေးရှိ  မိုးစပါးစိုက်ခင်း၊ ကြက်သွန်ခင်း၊ ကုလားပဲ၊ နှမ်း၊ ငှက်ပျောစိုက်ခင်းတွေလည်း ပျက်စီးခဲ့ပြီး ဧကဘယ်လောက်ပျက်စီးခဲ့တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ 

စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာ စမုံဆည်ကျိုးကျပြီး ရေဝင်ရောက်လာတာကြောင့် စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ ရေအမြင့် ၁၀ ပေကျော်ထိ မြင့်တက်လာက စမုံဆည်အောက်ဘက်ကရှိ ဆူးပန်း၊ အလယ်ကန်၊ ကြွယ်ကန်၊ ကျောက်အိုး၊ သပြေသာ၊ ထန်းပင်ကုန်း၊ ခြင်္သေ့လက်၊ ညောင်ပင်ရွာ၊ ကိုင်း၊ ရိုးစုံ၊ ညောင်အုပ်ဖီး၊ ကုန်းရွာ၊ ဒုန်းကုန်း စတဲ့ကျေးရွာပေါင်း ၂၀ ကျော်က လူဦးရေသောင်းချီ ရေဘေးသင့်ခဲ့ရတာပါ။ 

လက်ရှိမှာ ဒေသခံတွေဟာ စားသောက်ဖို့ရိက္ခာ၊ သောက်ရေသန့်တွေ အရေးပေါ်လိုနေသလို ရေသန့်ဆေးတွေ အပါအဝင် ဆေးဝါး၊ သီးနှံမျိုးစေ့၊ ချက်ပြုတ်စားသောက်ဖို့ အိုးခွက်၊ အဝတ်အထည်၊ အိမ်သာခွက်တွေနဲ့ တိရစ္ဆာန်အစာတွေလည်း လိုအပ်နေပါတယ်။

"လူတွေရော နွားတွေမှာရော စားစရာမရှိဘူး။ နေရာစုံရေလွှမ်းသွားတော့ နွားစားစရာ မြက်ရော၊ ကောက်ရိုးရော မရှိဘူး။ ပိုက်ဆံရှိတဲ့သူတွေတောင် စားစရာမရှိလို့ ဆန်အကူအညီတောင်းတာ ကြုံရတယ်။ ကျေးလက် ဆေးပေးခန်းဆိုလည်း ရေမျောလို့ ပါရာတကဒ်နဲ့ လိမ်းဆေးတဘူးတောင် ကူညီခဲ့ရသေးတယ်။” လို့ ကူညီကယ်ဆယ်ရေးသွားခဲ့တဲ့ နောက်ထပ်လူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒေသခံတွေဟာ ၎င်းတို့နေအိမ်ခြံဝန်းအတွင်း အပျက်အစီးတွေကိုတော့ ကိုယ်ထူကိုယ်ထ ရှင်းလင်းနေကြတယ်လို့ ဆိုပါတယ်။ စမုံဆည်ကို ၁၉၉၀ ခုနှစ်ဝန်းကျင်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး စပါးစိုက်ဧက ၄ သောင်းကျော်ကို ရေပေးဝေဖို့အတွက် လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း - လင်း ၊တည်းဖြတ် - HP

#မြေလတ်အသံ

#မန္တလေး #ဝမ်းတွင်း #သဘာဝဘေးအန္တရာယ် #ပြန်လည်ထူထောင်ရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10