စဥ့်ကူးမှာ အမျိုးသား ၃ ဦး ပစ်သတ်ခံရ

စဥ့်ကူးမှာ အမျိုးသား ၃ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရွာသစ်ကြီးကျေးရွာနဲ့ ငပြင်းအင်းကျေးရွာတွေက အမျိုးသား ၃ ဦး ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းတွေမှာ အမျိုးသား ၃ ဦးကို လက်နက်ကိုင်အဖွဲ့တွေက နေအိမ်တွေကနေ ဖမ်းဆီးပြီး လမ်းပိုင်းမှာ ပစ်သတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

"ဟုတ်ပါတယ်။ သူတို့တွေကို နေအိမ်တွေကနေ ဖမ်းသွားပြီး လမ်းမှာပစ်သတ်ခဲ့တာ။ ရွာသစ်ကြီးက အမျိုးသား ၁ ယောက်နဲ့ ငပြင်းအင်းက သားအဖ ၂ ဦးပါ။ ကျနော်တို့ သိရသလောက်တော့ သူတို့က ပုံမှန်ဒေသခံဘဲပေါ့။ ဒါပေမယ့် နောက်ကွယ်မှာ သူတို့ဘာလုပ်တယ်ဆိုတာကတော့ မသိရဘူး" လို့ ပြောပါတယ်။

ယမန်နေ့  မနက် ၉ နာရီခွဲ အချိန်ခန့်က ရွာသစ်ကြီးကျေးရွာနေ ဦးမင်းအောင်၊ ၄၃ နှစ်ဟာ နေအိမ်မှာရှိနေချိန်လက်နက်ကိုင်ဆောင်ထားသူ ၅ ဦးက ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး ဦးမင်းအောင်ကို ခေါ်ဆောင်သွားကာ ကျေးရွာရဲ့အရှေ့ဘက်အရောက်မှာ ပစ်ခတ်ခဲ့ရာ ဦးမင်းအောင်မှာ ရင်ဘတ်၊ ပါးတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရပြီး နေရာမှာဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် မနက် ၁၀ နာရီခွဲအချိန်မှာ စဥ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာနေ ဦးမန်း ၅၃ နှစ်နဲ့ သားဖြစ်သူ မောင်မောင်ခင် ၂၅ နှစ် တို့ ၂ ဦးဟာ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေ ရောက်လာပြီး ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

 သားအဖ ၂ ဦးကိုတော့ ရှောက်ပင်ရိုးကျေးရွာနဲ့ ရွာသစ်ကြီးကျေးရွာကြား ဆည်မြောင်းဘောင်ပေါ်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ဦးမန်း နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မောင်မောင်ခင် နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့ နေရာမှာဘဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုတွေကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်လုပ်သွားတယ်ဆိုတာ မြေလတ်အသံက စုံစမ်းနေပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ လက်ကောင်းကြီးကျေးရွာအုပ်စု၊ ကန်ဖြူကျေးရွာအနီးမှာ စဥ့်ကူးမြို့နယ်၊ လက်ပန်းလှကျေးရွာက လူမှုကူညီရေးအသင်းကား ပစ်ခံရလို့ ယာဥ်မောင်းဒဏ်ရာရကာ ကားပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10