စားနပ်ရိက္ခာရှားပါးပြီး ဖိနှိပ်ခံရမှုတွေကြောင့် အင်မထီးနဲ့ ဇီးဖြူကုန်းက ပျူအပါ ထွက်ပြေးလာသူ ၄၀၀ ကျော်ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ပျူစောထီးအားကောင်းတဲ့ အင်မထီးရွာနဲ့ ဇီးဖြူကုန်းရွာတွေမှာ စားနပ်ရိက္ခာရှားပါးမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် ထွက်ပြေးလာသူ လူဦးရေ ၄၀၀ ကျော်ခန့်ရှိလာပြီလို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ အင်မထီးရွာနဲ့ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ဇီးဖြူကုန်းရွာကို ၂၀၂၂ ခုနှစ် အစောပိုင်းမှာ စစ်ကောင်စီက လာရောက်တပ်စွဲကာ လက်နက်တပ်ဆင်ပေးပြီး စစ်သင်တန်းပေးရာကနေ ပျူအားကောင်းတဲ့ကျေးရွာတွေ ဖြစ်လာခဲ့တာပါ။

အင်မထီးရွာမှာ စစ်သားနဲ့ပျူ အင်အား ၁၀၀ ခန့်ရှိပြီး ဇီးဖြူကုန်းရွာမှာတော့ အင်အား ၈၀ ခန့်ရှိကာ စစ်​ကောင်စီတပ်က လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် အစပိုင်းမှာတော့ တော်လှန်ရေးတပ်တွေရဲ့ ​နယ်မြေစိုးမိုးနိုင်မှုနဲ့ ရိက္ခာဖြတ်တောက်ထားနိုင်မှုတွေကြောင့် ပျူရွာတွေထဲမှာ စားနပ်ရိက္ခာရှားပါးလာမှုနဲ့ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် ရွာအတွင်းက ပျူမိသားစုဝင်အချို့နဲ့ပြည်သူ ၄၀၀ ကျော်ဟာ ပုလဲပအဖဆီကို ထွက်ပြေးလာကြတယ်လို့ ပုလဲပအဖရဲ့လူသားစာနာတာ၀န်ခံက ပြောပါတယ်။

ပျူရွာတွေကနေ ထွက်ပြေးလာသူတွေထဲက အလင်းဝင်ပျူစောထီးတွေနဲ့ မိသားစုဝင်တွေကိုတော့ နောက်နောင် စစ်ကောင်စီနဲ့ပတ်သတ်ခြင်းမရှိဖို့ ခံဝန်ကတိထိုးခိုင်းပြီး စောင့်ရှောက်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။

ပုလဲမြို့နယ်ပအဖအနေနဲ့ ပျူရွာတွေက ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတွေကို နေထိုင်စားသောက်ရေးနဲ့ ဆေးကုသမှုတွေကိုပါ စီစဥ်ပေးထားပြီး ကလေးငယ်တွေကိုလည်း နီးစပ်ရာစာသင်ကျောင်းတွေမှာ စာသင်ကြားခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံးအနေနဲ့ အောက်တိုဘာ ၂၀ ရက်က အင်းမထီးပျူရွာကနေ အရပ်သား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ ကလေးငယ် ၂ ဦး စုစုပေါင်း ၆ ဦးတို့ ပုလဲပအဖဆီ ထွက်ပြေးခိုလှုံလာကြတယ်လို့ ပုလဲ ပအဖက ထုတ်ပြန်ခဲ့ပါတယ်။

အင်မထီးရွာမှာ ပျူစောထီးခေါင်းဆောင်တွေရဲ့ စောင့်ကြည့်တာကိုခံနေရပြီး သွားလာနေထိုင်တာ အလုပ်လုပ်ကိုင်တာတွေကို တင်းကျပ်ထားသလို တခြားရွာကိုသွားလာတာ အဆက်အသွယ်ပြုလုပ်တာတွေကိုလည်း ကန့်သတ်ခံထားရတယ်လို့ လွတ်မြောက်လာသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားက ပြောပါတယ်။

သူတို့ဟာ စားဝတ်နေရေးအဆင်မပြေတဲ့အတွက် ယခုနှစ်မိုးဦးကာလ ယာမြေမှာ ပဲ၊နှမ်း စိုက်ပျိုးခွင့်တောင်းခဲ့ရာ လုပ်ကိုင်ခွင့်ရခဲ့ပြီး ဟန်မပျက်လုပ်ကိုင်နေရာမှ မိသားစုလိုက် တနေ့တည်းထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ပျူရွာမှထွက်ပြေးလာတဲ့မိသားစုဝင် ၆ ဦးကို တိုက်နယ်နဲ့ရပ်ကျေး ပအဖ၊ ပကဖရဲဘော်တွေက ကယ်ထုတ်ကာ ပုလဲမြို့နယ် ပအဖ တာဝန်ခံက ၁ သိန်းကျပ်၊ လူသားစာနာတာဝန်ခံတို့က ၂ သိန်းကျပ် ပေးအပ်ခဲ့သလို အဝတ်အထည်တွေ၊ စောင်၊ ခြင်ထောင်တွေကိုလည်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပျူစောထီးအားကောင်းတဲ့ အင်မထီးရွာနဲ့ ဇီးဖြူကုန်းရွာကနေ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကို ခိုလှုံလာသူဟာ ၃ နှစ်ကျော်ကာလအတွင်း စုစုပေါင်း ၈၀ ကျော်ရှိသွားပြီလို့ ပုလဲမြို့နယ်ပအဖရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ပုလဲ #အင်မထီး #ဇီးဖြူကုန်း #ပျူစောထီး #ထွက်ပြေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10