စေတုတ္တရာနဲ့ ပွင့်ဖြူမြို့နယ်က နေအိမ် ၆၀ ကျော်ကို စစ်တပ်ကမီးရှို့     ■ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၆ ဦးအဖမ်းခံထားရ

စေတုတ္တရာနဲ့ ပွင့်ဖြူမြို့နယ်က နေအိမ် ၆၀ ကျော်ကို စစ်တပ်ကမီးရှို့   ■ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၆ ဦးအဖမ်းခံထားရ

 

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီအဖွဲ့တွေက မီးရှို့ပြီးသက်ကြီးအမျိုးသမီး ၁ ဦး ကျည်ထိသေဆုံးသွားတယ်လို့ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေး အဖွဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီခန့်မှာ ဆင်လူးရွာပျူစောထီး၊ ကပစ ၂၀၊ ခလရ ၂၅၃ နဲ့ ၂၅၄ တပ်က စစ်ကောင်စီအင်အား ၁၀၀ ကျော်ဟာ ပွင့်ဖြူမြို့နယ်၊ ဆင်းလူးကျေးရွာဘက်ကနေ စေတုတ္တရာမြို့နယ်၊ ကျောက်ပုံရွာနဲ့ ညောင်ကုန်းရွာကို တပြိုင်နက်အင်အားဖြန့်ခွဲပြီး ဝင်ရောက်လာခဲ့ပါတယ်။

ကျောက်ပုံရွာကိုဝင်ရောက်လာချိန် စစ်ကောင်စီအဖွဲ့ဝင်တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အတွင်းထိုင်နေတဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်တင်ပိုင် ချိုင်း(ဂျိုင်း)အောက် ကျည်ဖောက်ဝင်ဒဏ်ရာရပြီး နေရာတင်သေဆုံးသွားခဲ့သလို ညောင်ကုန်းရွာကို ဝင်ချိန်မှာလည်း သေနတ်ပစ်ဖောက်တာတွေ ရှိခဲ့ပါတယ်။

"ရပ်ရွာတွေထဲမှာ ရှိရှိသမျှလူတွေကို မြင်ရာပစ်ခတ်တာ။ ရွာတွေထဲက လျှပ်စစ်မီးလိုင်းတွေဖြတ်တယ်။ ထရမ်စဖာတွေ ဖျက်ဆီးတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတွေယူတယ်။ ရပ်ရွာထဲက ကြက်၊ ငှက်တွေ သတ်ဖြတ်စားတယ်။ အရက်သေစာသောက်စားပြီးမှ ရွာတွေကိုမီးရှို့တာ"လို့ မင်းဘူးခရိုင်ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုအညာသားက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းက ကျောက်ပုံရွာနဲ့ ညောင်ကုန်းရွာမှာ ညအိပ်ပြီး နိုဝင်ဘာ ၂၈ ရက် မနက် ၈ နာရီကျော်ခန့်မှာ ကျေးရွာကနေပြန်ထွက်ချိန် ကျောက်ပုံရွာက နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးကာ ရွာခံအမျိုးသား ၆ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ညောင်ကုန်းရွာက နေအိမ်နဲ့စျေးဆိုင်တွဲလျက် ၃ လုံးနဲ့ ဆန်အိတ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

ကျေးရွာတွေကနေပြန်ထွက်သွားတဲ့ စစ်ကြောင်းတွေဟာ လမ်းမှာပေါင်းပြီး မနေ့က နေ့လယ်ပိုင်းမှာလည်း ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာကိုဝင်ရောက်ပြီး နေအိမ် ၅၀ ခန့်ကို မီးရှို့ခဲ့ပြီးနောက် ပွင့်ဖြုမြို့ဘက်ကို ညနေပိုင်းမှာ ပြန်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းကဖမ်းသွားတဲ့ ကျောက်ပုံရွာက ဒေသခံအမျိုးသား ၆ ဦးကတော့ နိုဝင်ဘာ ၂၉ ရက် ဒီနေ့ထိ ပြန်လွတ်လာတာမရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ကြောင်းဝင်ရောက်လာချိန်ကတည်းက ကျောက်ပုံ၊ ညောင်ကုန်း၊ လယ်မအပါအဝင် ကျေးရွာ ၅ ရွာခန့်က ဒေသခံ ၄ ထောင်ကျော် ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း စေတုတ္တရာမြို့နယ်၊ လုံးကြီးကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ပြီး မီးရှို့လို့ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စေတုတ္ထရာ #ပွင့်ဖြူ #စစ်ကြောင်းထိုး #ပစ်ခတ် #မီးရှို့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10