သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာနဲ့ချီတဲ့ စံချိန်တင်သဘာဝဘေးတွေနဲ့ ကြုံတွေရင်ဆိုင်ခဲ့ရပါတယ်။ နွေရာသီမှာလည်း ကမ္ဘာ့အပူဆုံးမြို့အဖြစ် ရက်ခြားဆိုသလို စံချိန်တင်ခဲ့ပြီး လက်ရှိမိုးရာသီမှာလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကနေ ၁၀ နှစ်အတွင်းမှာ မကြုံဖူးလောက်အောင်ကို စံချိန်တင် ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ နွေရာသီကာလ အယ်နီညိုဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့ဒေသဖြစ်တဲ့ မကွးတိုင်း၊ ချောက်မြို့ဟာ ကမ္ဘာ့အပူဆုံးမြို့အဖြစ် ဧပြီလ ၂၈ ရက်နေ့မှာ နေ့အပူချိန် ၄၈ ဒီဂရီဆဲလ်စီးယပ် နဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။ အလားတူပဲ မကွေး၊ ညောင်ဦး၊ မင်းဘူး၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ မြို့တွေဟာလည်း ဧပြီလ ၂၉ ရက်နေ့ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်း ပါဝင်ခဲ့ပြန်ပါတယ်။ နောက်ရက်တွေမှာလည်း ကမ္ဘာ့အပူဆုံးမြို့စာရင်းမှာ မြန်မာနိုင်ငံက ဆက်လက်ပါဝင်ခဲ့တာကို မိုးလေဝသသတင်းတွေ ဖော်ပြလေ့ရှိတဲ့ Eldoradoweather မှာ ဖော်ပြခဲ့ပါတယ်။
လက်ရှိ မိုးရာသီကာလ ဇွန်လနှောင်းပိုင်းကနေစတင်ပြီး မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုတွေ စတင်ခဲ့ပါတယ်။ ဇူလိုင်လ တလလုံးမှာတော့ စံချိန်တင်ဆိုးဝါးတဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါခဲ့ပါတယ်။ စစ်ကောင်စီရဲ့ မိုး/ဇလထုတ်ပြန်ချက်တွေကို စောင့်ကြည့်စာရင်းကောက်ယူမှုအရတော့ ဇူလိုင်လ ၁၀ ရက်နေ့ကနေ ဇူလိုင်လကုန်ထိ မြန်မာနိုင်ငံမှာ စိုးရေရိမ်မှတ်ကျော်လွန်ကာ ရေကြီးနစ်မြုပ်ခဲ့တဲ့ မြို့နယ် ၄၀ ကျော် ရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေမတိုင်ခင်ကလည်း မြန်မာနိုင်ငံဟာ သဘာဝဘေးဒဏ်တွေကို ခံနေရတဲ့ နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်မှုအညွှန်းကိန်း(EPI) အရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ ၁၇၉ နေရာကိုရောက်နေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အဆိုးဝါးဆုံး ဒုတိယနိုင်ငံအနေနဲ့ ရပ်တည်နေတာပါ။
ဒါ့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ယူအေအီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဘောင်ညီလာခံ COP28 မှာ ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် ထိခိုက်လွယ်ဆုံးနိုင်ငံတွေမှာ မြန်မာနိုင်ငံဟာ ပါဝင်နေပြီး စစ်အာဏာသိမ်းမှုကြောင့် ပိုမိုဆိုးရွားလာနေတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် သဘာဝဘေးဒဏ်တွေကို ပြန်ကြည့်မယ်ဆိုရင် စစ်ကောင်စီဟာ ဘေးဒဏ်တွေကို ကာကွယ်ဖို့မလုပ်ခဲ့သလို ကျရောက်လာချိန်မှာလည်း အရေးပေါ်ကူညီကယ်ဆယ်မှုတွေ မလုပ်ခဲ့ဘူးဆိုတာကို တွေ့ရပါတယ်။
အနီးစပ်ဆုံးဖြစ်တဲ့ နွေရာသီ အပူဒဏ်ပြင်းထန်နေချိန်မှာ အပူရှောင်စခန်းတွေပြုလုပ်တာ၊ နေ့အပူချိန်တွေနဲ့ပတ်သက်ပြီး လူထုကို ထိရောက်တဲ့အသိပေးတာတွေ ပြုလုပ်ဖို့ကို စစ်ကောင်စီက ပျက်ကွက်ခဲ့ပါတယ်။
အပူချိန်မြင့်တက်လို့ အဆိုးဆုံးဖြစ်စဉ်အဖြစ်နဲ့ ဧပြီလ တလထဲမှာပဲ မန္တလေး၊ ချောက်၊ ရန်ကုန်တို့မှာ လူပေါင်း ၁၄၇၃ ဦးသေဆုံးတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက ရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး RFA က မေလ ၁ရက်နေ့မှာ သတင်းဖော်ပြပါတယ်။ ဒါ့အပြင်မေလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မုံရွာမြို့မှာ လူ ၁၀၀ နီးပါးသေဆုံးတဲ့ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်အခြေနေအရ ဒီထက်ပိုနိုင်ပြီး ပုဂံ-ညောင်ဦးမြို့၊ မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ စစ်ကိုင်းတို့မှာလည်း အပူချိန်မြင့်မားလို့ သေဆုံးမှုတွေရှိတယ်ဆိုတာ သတင်းမီဒီယာတွေက ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဒီကာလတွေမှာတော့ စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က အတည်ပြုပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်ဖို့အတွက် တပ်သားသစ်တွေကို အဓမ္မစုဆောင်းတာတွေနဲ့ အချိန်ကုန်နေခဲ့တာပါ။
အပူချိန်မြင့်တက်လို့ ပြည်သူလူထုတွေ နေစရာ ခိုစရာမရှိချိန်၊ သေဆုံးနေကြချိန်မှာပဲ စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်တွေရဲ့ အပတ်စဉ် ၁ စစ်သင်တန်းကို ဇွတ်ဖွင့်တက်ရောက်စေခဲ့တာပါ။ အလားတူပဲ မေ၊ ဇွန်၊ လတွေမှာလည်း စစ်သင်တန်းအပတ်စဉ်တွေနဲ့ ဆက်လက်အလုပ်ရှုပ်နေခဲ့သလို မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေနဲ့ ငွေကြေးဖောင်းပွမှုဒဏ်တွေက ပြည်သူတွေကို ဒုက္ခပေးခဲ့ပြန်ပါတယ်။
အထက်မှာဆိုခဲ့သလိုပဲ ဒုက္ခပင်လယ်ဝေနေကြတဲ့ ပြည်သူလူထုဟာ ဇွန်လနှောင်းပိုင်းကနေစလို့ မြစ်ရေကြီးရေလျှံမှုဒဏ်တွေကို ခါးစည်းခံရပြန်ပါတယ်။ မြစ်ရေချိန် စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့တဲ့ မြို့နယ်ပေါင်း ၄၀ ကျော်နဲ့ စိုးရိမ်ရေမှတ်မရောက်သော်လည်း ရေကြီးရေလျှံမှုဒဏ်ကိုခံရတဲ့ ပြည်သူလူထုဟာ သိန်းနဲ့ချီပြီး ရှိခဲ့ပါတယ်။
အထက်အညာကပြည်သူတွေအနေနဲ့ကတော့ စစ်မီးဒဏ်အပြင် ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်ဘဝကို ထပ်မံရောက်ရပြီး စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်ထားမှုတွေကြောင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ မလာရောက်နိုင်ဘဲ ဒေသတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကပဲ ကူညီကယ်ဆယ်ခဲ့ရတာပါ။
စံချိန်တင် ရေကြီးနစ်မြုပ်မှုတွေအဖြစ် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းတို့မှာ ဖြစ်ပွားခဲ့ပြီး ရေဘေးသင့်ပြည်သူ သိန်းနဲ့ချီရှိခဲ့ပြီး စပါးနဲ့ အခြား သီးနှံစိုက်ခင်း ပျက်စီးဆုံးရှုံးမှုကလည်း ဧကသိန်းနဲ့ချီရှိပါတယ်။
ဒီလိုအခြေအနေတွမှာ စစ်ကောင်စီ နယ်မြေစိုးမိုးမှုရနေတဲ့ဒေသတွေက ရေကြီးရေလျှံမှုကြောင့် ရွှေ့ပြောင်းနေထိုင်ရသူတွေကို စစ်ကောင်စီက ဟန်ပြဓါတ်ပုံရိုက်ရုံ ကူညီကယ်ဆယ်ရေး လုပ်ပြခဲ့ပေမယ့် မြေပြင်က ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်နေကြတဲ့ လူမှုကူညီရေးအသင်းတွေကိုတော့ စစ်ကောင်စီလက်အောက်ခံတွေက မထင်ရင်မထင်သလို စစ်ဆေးမေးမြန်းတာ၊ တားဆီးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
အများအားဖြင့်တော့ ရေဘေးသင့်ပြည်သူအချင်းချင်းပဲ ပြန်လည်ကူညီပေးခဲ့ကြရပြီး တာကျိုးတာတွေ၊ တံတားကျိုးတာတွေနဲ့ နေအိမ်ရွှေ့ပြောင်းတာ၊ ရေကင်းစောင့်ကြည့်ရတာတွေကို ဒေသတွင်းကသူတွေကပဲ ကိုယ်ထူကိုယ်ထနဲ့ လုပ်ခဲ့ရပါတယ်။
မကြုံစဖူးဖြစ်ရပ်အနေနဲ့ စံချိန်တင်ရေကြီးနေတဲ့ ပဲခူးမှာတော့ လူသားဒိုင်းသဖွယ် လူတွေတန်းစီထိုင်ကြပြီး ရှည်လျားလှတဲ့ မိုးကာတာလပတ်စကြီးကို ခြုံပြီး ရေကာတာလုပ်ကာ ရေကြီးရေလျှံမှုကို ကိုယ့်နည်းကိုယ့်ဟန် နဲ့ ကာကွယ်ခဲ့ကြရပါတယ်။
အဲဒီ ပဲခူးမြို့နယ်မှာတော့ ရေကြီးရေလျှံမှုကြောင့် ကလေးငယ်အပါအဝင် လူသေဆုံးမှု ဆယ်ဂဏန်းခန့် ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာကို မြင်ကြရမှာပါ။
စစ်ကောင်စီကတော့ ၁၀၂၇ နောက်ဆက်တွဲ ရှမ်းမန်းစစ်ဆင်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မဟာမိတ်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုကို အလူးအလှိမ့်ခံနေရကာ မိမိကိုထောက်ခံသူတွေကို ဝါဒဖြန့်ဖို့ အလှုပ်ရှုပ်နေခဲ့ပြီး ဝါဒဖြန့်ချီမှုတွေကလည်း မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ ရေဘေးသင့်နေသူတွေကို မျက်ကွယ်ပြုထားပြီး သစ်ပင်စိုက်ပွဲတက်ရောက်တာ၊ ဆိုကရေးတီးပြိုင်ပွဲလုပ်တာ၊ သမဝါယမစနစ်ကို ပြန်လည်အသက်သွင်းတာနဲ့ အလှုပ်ရှုပ်ပြနေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ တနိုင်ငံလုံး ရေကြီးရေလျှံမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရချိန် ဇူလိုင်လ ၂၂ ရက်နေ့မှာပဲ ယာယီသမ္မတဦးမြင့်ဆွေကို ကျန်းမာရေးအကြောင်းပြ အနားပေးပြီး မင်းအောင်လှိုင်ဟာ ယာယီသမ္မတနေရာကို အရှက်တရားကင်းမဲ့စွာ ပြောင်ပြောင်တင်းတင်း ရယူခဲ့ပါတယ်။ ဒါဟာသူရဲ့ အဓိကအိမ်မက်ပါ။
ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ ၈ ကြိမ်မြောက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူပြီး ယာယီသမ္မတ(တာဝန်)နဲ့ ပထမဆုံးပွဲထွက်ခဲ့ကာ အရေးပေါ်အခြေအနေ ၆ လသက်တမ်းတိုးတာကို သူကိုယ်တိုင်တင်ပြ၊ သူကိုယ်တိုင်ပဲ အတည်ပြုဆုံးဖြတ်ခဲ့တဲ့ အခြေအနေအထိ အဆုံးစွန် ရူးသွပ်ပြခဲ့ပါတော့တယ်။
ယာယီသမ္မတ(တာဝန်) အနေနဲ့ ပထမဆုံး ရုပ်ထွက်ပြပြီး ၃ ရက်အကြာ ဩဂုတ်လ ၃ ရက်နေ့မှာတော့ စစ်တပ်ရဲ့ အရေးပါလှတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ခဲ့ပါတော့တယ်။
မြန်မာစစ်တပ်ဟာ ရမခ ကိုလက်လွှတ်လိုက်ရတဲ့နောက်မှာတော့ စစ်တပ်ထောက်ခံသူတွေနဲ့ မဘသတွေဟာ မင်းအောင်လှိုင်ကို ပြစ်တင်ဝေဖန်သံတွေ ဆူညံလာနေပါပြီ။
မင်းအောင်လှိုင်ကတော့ သဘာဝဘေးသင့်နေတဲ့ပြည်သူတွေကိုလည်း လျစ်လျူရှုထားသလို စစ်တပ်ထောက်ခံသူတွေရဲ့ ပြစ်တင်ဝေဖန်သံတွေကိုလည်း မကြားယောင်ပြုကာ သမ္မတရူး.....ရူးကောင်းနေဆဲပဲလို့ ဆိုရမှာပါ။
#မြေလတ်အသံ
#မင်းအောင်လှိုင် #သမ္မတရူး #သဘာဝဘေးအန္တရာယ် #ပြည်သူလူထု #ဒုက္ခ
Share Share Share