ဆည်ဘောင်ပေါ်မှာ စစ်ရှောင်နေသူတွေရဲ့ အိမ်တွေကို စစ်တပ်က မီးရှို့ခဲ့ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကန်းနီကျေးရွာအနီး ဆည်ဘောင်ပေါ်မှာနေတဲ့ စစ်ရှောင်နေအိမ်တွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားတယ်လို့ အုတ်ဖိုမြို့နယ်အခြေစိုက် မြေအောက်ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

ဝိုင်းရွာရဲစခန်းကနေ အင်အား ၆၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၂၃ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ ဂမုန်းဆည်တဝိုက် နင်းမိုင်းတွေထောင်ပြီး ညနေ ၃ နာရီကျော်လောက်မှာတော့ ဆည်ဘောင်ပေါ်က နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

"ဆည်ဘေးကရွာဆိုတော့ ဟိုတစုဒီတစုပေါ့။ သူတို့က အဲ့ဒေသခံတွေမဟုတ်ကြဘူးဗျ။ တချို့က နေအိမ်တွေမီးရှို့ခံရလို့ ဒီဘက်ကိုပြောင်းလာတဲ့သူတွေ၊ တချို့က မီးသွေးဖုတ်၊ ငါးရှာ၊ တောင်ယာလုပ်ဖို့လာကြတာ။ ခုတော့သူတို့နယ်ပဲ ပြန်မလားမသိရသေးဘူး။ ကျနော်တို့လည်း ဘာမှ မလုပ်ပေးနိုင်ဘူး။" လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ရှောင်နေအိမ်တွေကို မီးရှို့ပြီးတဲ့နောက် ညနေ ၄ နာရီ လောက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ၀ိုင်းစခန်းကို ပြန်ဝင်သွားတယ်လို့ သူကဆက်ပြောပါတယ်။ 

အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ ဆည်ဘောင်ပေါ်က နေအိမ်တွေ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပြီး လက်ရှိမှာလည်း အဲဒီဆည်ဘောင်မှာနေတဲ့ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ် ။

ဆည်ဘောင်ပေါ်မှာနေထိုင်တဲ့ ပြည်သူတွေဟာ ဟင်္သာတ၊ မိုးညို၊ ခမုန် အစရှိတဲ့ ကျေးရွာကပြည်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၄ ရက်ကလည်း ဝိုင်းရဲစခန်းကနေ ဂမုန်းရေလှောင်တမံကိုတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မြေအောက်ပြောက်ကျားတပ်ဖွဲ့က မိုင်း‌ဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ၁ ဦးသေပြီး ၃ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #စစ်တပ် #မီးရှို့ #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10