သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဗန့်ဂျီ ဖမ်းဆီးခံထားရပြီး ၄ ရက်အကြာ ဇွန်လ ၃ ရက်မှာ မုံရွာစစ်ကြောရေးကို ပြောင်းရွေ့ ပို့ဆောင်ခံလိုက်ရပြီး လက်ရှိမှာ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။
အသက် ၄၀ ကျော်အရွယ်ရှိ ဦးဗန့်ဂျီကို ဇွန်လ ၃ ရက်မွန်းလွှဲ ၁ နာရီကျော်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နောင်အိုင်ကြီးရဲစခန်းကနေ မုံရွာမြို့က စစ်ကြောရေးတနေရာကို ပို့ဆောင်လိုက်တာဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ကိုဗန့်ဂျီကို စကစအင်အား ၃၀ ကျော်က မော်တော်နဲ့ နောင်အိုင်ကြီးရဲစခန်းကနေ မုံရွာစစ်ကြောရေးကို ပို့လိုက်တာ။ မုံရွာက (နမခ)ကိုလား၊ ဘယ်တပ်၊ ဘယ်နေရာကို ပို့တယ်ဆိုတာတော့ တိတိကျကျမသိရဘူးဗျ။ သူရိုက်နှက်ခံထားရလို့ အသက်အန္တရာယ်စိုးရိမ်နေရတယ်"လို့ သူက ဆိုပါတယ်။
ဦးဗန့်ဂျီမှာ နောက်ထပ်အဖွဲ့သား ၃ ဦးနဲ့အတူ မေလ ၃၁ရက် မွန်းလွှဲ ၂ နာရီကျော်မှာ စစ်ကောင်စီ စစ်ကြောင်းတခုကို ကင်းထောက်ရင်း ညောင်ပင်ကြီးကျေးရွာအနီးမှာ မုံရွာဘက်ကနေ ဝမ်ပေါင်ကိုရိက္ခာလာပို့တဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
"ကိုဗန့်ဂျီနဲ့ ပါလာတဲ့သူတွေကတော့ ရှောင်နိုင်လိုက်လို့ အဖမ်းမခံလိုက်ရဘူး။ သူကကျတော့ ဆိုင်ကယ်ကို နောက်ပြန်ဆုတ်တဲ့အချိန်မှာ စကစတွေရဲ့ ဝိုင်းဝန်းဖမ်းဆီးတာကိုခံလိုက်ရတာ" လို့ သူက ဆက်ရှင်းပြပါတယ်။
ဦးဗန့်ဂျီကို ပစ်ခတ်ဖမ်းဆီးနေချိန်မှာလည်း အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ ညောင်ပင်ကြီးကျေးရွာက ဒေသခံအမျိုးသား ၁ ဦးမှာလည်း ဘယ်ဖက်ပေါင်ကို ကျည်ထိမှန်ခဲ့တာကြောင့် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ဦးဗန့်ဂျီ #ဆားလင်းကြီးမြို့နယ် #မုံရွာစစ်ကြောရေး #နောင်အိုSင်ကြီးရဲစခန်း #ဝမ်ပေါင်
Share Share Share