ဆားလင်းကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကျောင်းသူ ၁ ဦးအပါ အမျိုးသမီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

ဆားလင်းကြီးမှာ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ ကျောင်းသူ ၁ ဦးအပါ အမျိုးသမီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းသူ ၁ ဦးအပါ အမျိုးသမီး ၂ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သြဂုတ် ၂၃ ရက် နေ့လယ် ၁ နာရီခန့်မှာ ချင်းတွင်းမြစ်တဖက်ကမ်း မုံရွာမြို့နယ်၊ စစ်ကောင်စီညောင်ပင်သာဂိတ်စခန်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဝမ်ပေါင်ကုမ္ပဏီအနီးမှာရှိတဲ့ ကျေးရွာတရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံတွေထိမှန်ခဲ့တာလို့ ဆိုပါတယ်။

" ပစ်တာကတော့ သူတို့စစ်ကြောင်းမထိုးဘဲနဲ့ လက်နက်ကြီးတွေနဲ့ပစ်နေတာပါ။ မုံရွာဘက်ခြမ်းကနေပစ်တာ ညောင်ပင်သာဂိတ်စခန်း၊ မအူဂိတ်စခန်းတို့ကနေ လှမ်းလှမ်းပစ်နေကြတာ။" လို့  ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးဗုံးသီး ထိမှန်တာကြောင့် အသက် ၁၃ နှစ်အရွယ် ၆တန်းကျောင်းသူတဦးနဲ့ အသက် ၄၅ နှစ် အရွယ်အမျိုးတဦးတို့မှာ ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ကျောင်းသူမှာ ဘယ်ခြေထောက်ဖြတ်တောက်ရမယ့် အခြေအနေရှိနေကာ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသမီးမှာလည်း ညာဘက် လက်၊ တင်ပါး၊ ခါးတို့မှာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

" စစ်တပ်ဂိတ်တွေက နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ ပစ်နေကြတယ်။ အိမ်တချို့လည်း ပျက်စီးတယ်။ " လို့ ဆားလင်းကြီးဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဩဂုတ် ၁၃ ရက်မှာလည်း မုံရွာမြို့နယ်၊ စစ်ကောင်စီမအူဂိတ်က လက်နက်ကြီးပစ်ခတ်တာကြောင့် အမြင့်လမ်းပိုင်းရှိ ထနောင်းတောရွာစျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ စျေးသည်အမျိုးသမီးတွေအပါအဝင် အရပ်သား ၁၃ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #လက်နက်ကြီး #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10