ဆိပ်ဖြူန​ယ်က ကပစ ၂၂ လက်နက်စက်ရုံကို PDF ကလက်နက်ကြီးနဲ့ပစ်ခတ်

ဆိပ်ဖြူန​ယ်က ကပစ ၂၂ လက်နက်စက်ရုံကို PDF ကလက်နက်ကြီးနဲ့ပစ်ခတ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုးကျွန်းရွာအခြေစိုက် ကပစ ၂၂ စက်ရုံထဲကို ဇူလိုင်လ ၂၃ ရက်ည ၇ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ OAK AWE UG (Salay) မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဆီက သိရပါတယ်။ 

အရာရှိလိုင်းခန်းနဲ့ လက်နက်ကြီးအထိုင်ကုန်းကို အဓိကပစ်မှတ်ထားပြီး ၆၀ မမ ၁၀ လုံး၊ ၈၀ မမ ၅ လုံး စုစုပေါင်း လက်နက်ကြီး ၁၅ လုံးနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

"အရာရှိလိုင်းခန်းနဲ့ လက်နက်ကြီးအထိုင်ကုန်းကို ပစ်မှတ်ထားပြီး အနီးကပ် ပစ်ခတ်ခဲ့ပါတယ်။ ကျနော်တို့ အတွင်းသတင်းအရ အခြားအဆင့် နှစ်ဦးသေတယ်” လို့ OAK AWE UG (Salay) မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးဒုတာဝန်ခံ ဖီးနစ်က ပြောပါတယ်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က တပ်ကြပ်ကြီး ၁ဦးနဲ့ တပ်သား ၁ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့တာ တပ်တွင်းသတင်းပေးရဲ့ ပြောပြချက်အရ အတည်ပြုနိုင်တယ်လို့ ဒုတာဝန်ခံ ဖီးနစ်က ပြောပါတယ်။ 

တိုက်ခိုက်ပြီးတဲ့အချိန်ကနေ ဇူလိုင်လ ၂၅ ရက် ဒီနေ့အထိ ကပစ ၂၂ အနီးမှာ လုံခြုံရေးတိုးမြှင့်ထားပြီး တပ်အနီးရှိ ရွှေဘိုကျွန်းရွာဒေသခံတွေကလွဲရင် တခြားပြည်သူတွေကို ဖြတ်သန်းခွင့် မပြုတော့ဘူးလို့လည်း ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို  OAK AWE UG (Salay) မြို့ပြပြောက်ကျားတပ်ဖွဲနဲ့အတူ အာဠာဝက မြို့ပြပြောက် ကျားတပ်ဖွဲ့၊ ပေါက်ပကဖ Y.R.F နဲ့ သခင်ဖိုးလှကြီးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ညပိုင်းကလည်း ချောက်မြို့နယ်၊ ဆူးတောကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို OAK AWE UG (Salay) မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဆိပ်ဖြူ #ကပစ ၂၂ #စစ်ကောင်စီ #ပစ်ခတ်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10