ဆိပ်ဖြူမြို့နယ်က ရွာတွေမှာ စစ်ကောင်စီက ရိုက်နှက်ဖျက်ဆီးတာတွေ အလွန်အကျွံ လုပ်ဆောင်နေ

ဆိပ်ဖြူမြို့နယ်က ရွာတွေမှာ စစ်ကောင်စီက ရိုက်နှက်ဖျက်ဆီးတာတွေ အလွန်အကျွံ လုပ်ဆောင်နေ

မကွေးတိုင်းဒေသကြီး ၊ ဆိပ်ဖြူမြို့နယ်၊ တောင်မကျေးရွာက နေအိမ်တွေကို ဝင်ရောက်မွှေနှောက်သွားတဲ့အပြင် အသက်မပြည့်သေးတဲ့ ကလေးမလေးတဦးကိုလည်း ရိုက်နှက်သွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၆ ရက် မနေ့က မနက် ၅ နာရီကျော်လောက်မှာ တောင်မကျေးရွာထဲကနေ မထွက်ခွာခင် ရွာသားတွေကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေချိန်မှာ အသက်မပြည့်သေးတဲ့ ကလေးတဦးဟာ ကြောက်အားလန့်အားနဲ့ ဖြေကြား‌နေစဉ်မှာပဲ စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်သွားလို့ ပါးတွေ ယောင်ကိုင်းသွားတယ်လို့ ဆိပ်ဖြူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

"သူတို့က (စစ်ကောင်စီ)  ရွာထဲမှာ PDF တွေရှိလား ဆိုပြီးမေးတယ်။ လူကြီးတချို့က ဖြေတယ် မရှိဘူးပေါ့။ အသက် ၁၂ ပဲရှိသေးတဲ့ ကလေးကိုမေးတော့ သူက‌ကြောက်ကြောက်နဲ့ PDF ရှိတယ်။ သူက  PDF  ပါဆိုပြီး ပြောတော့ ကလေးကို ပါးတွေနားတွေ ရိုက်သွားကြတယ်။ ကလေးကနာလို့ ငိုနေတာ အခုထိ" လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် မနက် ၆ နာရီကျော်လောက်မှာ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တောင်မကျေးရွာတွေထဲကို လက်နက်ကြီးတွေ ပစ်ခတ်ပြီး ဝင်ရောက်လာခဲ့တာပါ။ 

လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသားတဦး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိသွားပြီး၊ အသက် (၇၀) ကျော်အရွယ် အဖွားတဦးကတော့ လက်နက်ကြီးသံကြောင့် ကြောက်လန့်ပြီး ဆေးရုံတင်လိုက်ရတယ်လို့ ဒေသခံတဦးက ဆက်ပြောပါတယ်။

"မယဉ်ယဉ်က ဒူးရယ်၊ မျက်စိရယ် ထိသွားတယ်။ အဖွား‌ဒေါ်လှသန်းကတော့ လက်နက်ကြီးသံက တော်တော်ကျယ်တော့ လန့်ပြီး လေဖြန်းသလို ဖြစ်သွားတယ်။ သေတာတော့ မသေပါဘူး။ နောက်ထပ် အစ်ကိုတယောက်လည်း လက်နက်ကြီး အစ ထိမှန်သွားတယ်" လို့ ဆိုပါတယ်။

နေအိမ်ပစ္စည်းတွေ ဖျက်ဆီးတာ၊ လက်နက်ကြီးထိမှန်၊ မီးလောင်မှုတွေကြောင့် အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးတာတွေလည်း ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဆိပ်ဖြူမြို့နယ်၊ အင်းကန်ကျေးရွာ ဘုန်ကြီးကျောင်းမှာ တညတာ စခန်းချနေထိုင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10