ဆုံးရှုံးနေတဲ့ကာကွယ်ဆေးထိုးခွင့်နဲ့  အရွယ်မတိုင်ခင်အသက်ဘေးကြုံရတဲ့ ပဋိပက္ခကြားက ကလေးငယ်တွေ

ဆုံးရှုံးနေတဲ့ကာကွယ်ဆေးထိုးခွင့်နဲ့  အရွယ်မတိုင်ခင်အသက်ဘေးကြုံရတဲ့ ပဋိပက္ခကြားက ကလေးငယ်တွေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း စစ်ရှောင်စခန်းတခုက ကလေးလူနာတဦး ဆရာဂျိုးရှားရဲ့ဆေးရုံကို အလောတကြီးရောက်လာပါတယ်။ အပြင်းဖျားနေတဲ့ အသက် ၂ နှစ်အရွယ် သားဖြစ်သူကို မိဘတွေက ခေါ် လာခဲ့တာပါ။ အချိန်က ၂၀၂၄ မတ်လရဲ့ ညနေခင်းတခုမှာပါ။

ကိုယ်အပူရှိန်တက်ပြီး အမောဖောက်နေတဲ့ ကလေးရဲ့အမူအရာကို အကဲခတ်ပြီးနောက် ဆရာဂျိုးရှားဟာ အရေးပေါ် လူနာအဖြစ်သက်မှတ်ပြီး ချက်ချင်းဆိုသလို အောက်ဆီဂျင်တပ်ပေးလိုက်ပါတယ်။ အဲဒီနောက် လိုအပ်တဲ့ ပိုးသတ်ဆေးတချို့ကို ထိုးပေးရင်း ကလေးရဲ့အသက်ကို ကယ်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

“အသက်ရှုတွေကြပ်၊ မောပြီးတော့ကို ကျနော်တို့ဆီကိုရောက်လာတာ။ အသက်ရှုမဝဘူး။ အသက်ရှူလိုက်ရင် ရင်ဘက်ကြီးတွေ ဟိုက်နေအောင် ရှုရတာမျိုး။ နောက် ခြေသည်း၊ လက်သည်းလေးတွေ ပြာချင်နေတာမျိုး။ ဒီနေ့ရောက်ပြီး နောက်နေ့ မနက် အစောကြီးကို ဆုံးသွားတာ။ ဆေးရုံမှာ ၂၄ နာရီတောင် နေမသွားရဘူး။” 

CDM ဆရာဝန်တဦးဖြစ်တဲ့ ဆရာဂျိုးရှားက သူ့မျက်စိရှေ့မှာ ဆုံးသွားခဲ့တဲ့ ကလေးနဲ့ပက်သက်ပြီး ကြုံခဲ့ရတဲ့ အခြေအနေတွေကို ပြန်ပြောပြတာပါ။ ပြီးတော့ ဒီရောဂါလက္ခဏာတွေဟာ ပြင်းထန်အဆုပ်ရောင်ရောဂါ (Pneumococcal Disease) လို့လည်း သူက ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲအခြေအနေတွေကြောင့် မွေးကင်စကနေ အသက် ၅ နှစ်အောက် ကလေးတွေမှာ လုံလောက်တဲ့ကာကွယ်ဆေးထိုးနှံခွင့်မရတဲ့အတွက် ဝက်သက်၊ အသည်းရောင်အသည်းဝါ၊ ပြင်းထန်အဆုပ်ရောဂါနဲ့ ကျောက်ရောဂါတွေ ပြန်လည်ဖြစ်ပွားလာနေပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး မရေရာမှုတွေက ကလေးတွေရဲ့အနာဂတ်နဲ့ဘဝကို အန္တရာယ်ကြားရောက်လာစေပြီး လက်ရှိမှာ မြန်မာ့ကလေးသူငယ်မျိုးဆက်ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ခြိမ်းခြောက်လျက်ရှိတယ်လို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က  ''အန္တရာယ်ကျရောက်နေသော အနာဂတ်မျိုးဆက်သစ်များ'' အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ( unicef.org/myanmar/my/ကျန်းမာရေးနှင့်-အာဟာရ )

ဒါ့အပြင် နိုင်ငံတဝှမ်း ကလေးငယ် ၁ သန်းနီးပါးမှာလည်း ဝက်သက်၊ ပိုလီယို၊ ဆုံဆို့နာနဲ့ ရေရှည် မသန်စွမ်း အခြေ အနေကနေ သေဆုံးနိုင်တဲ့အထိဖြစ်စေတဲ့ ရောဂါတွေကို ကာကွယ်နိုင်မယ့် ပုံမှန်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်နဲ့ လွဲချော်နေရတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ 

စစ်အာဏာမသိမ်းခင်က The Nationwide Program အနေနဲ့ ကလေးသူငယ်ကာကွယ်ဆေးထိုးရမယ့်ကာလတွေကို သတ်မှတ်ပြီး နိုင်ငံတဝှမ်းဆေးရုံဆေးခန်းတွေ၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနတွေမှာတင်မကဘဲ မြို့ပြနဲ့ အလှမ်းဝေးတဲ့ ကျေးလတ်ဒေသက ဒေသန္တရဆေးပေးခန်းတွေထိပါ ကျန်းမာရေးဝန်ထမ်းတွေက ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေ ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှ စစ်ရှောင်ကလေးငယ်များ။

 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတော့ ကျန်းမာရေးဝန်ထမ်းအများစုက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု - CDM မှာပါဝင်နေကြတာ၊ ဆေးရုံဆေးခန်းတွေ မဖွင့်လှစ်နိုင်တော့တာတွေကလည်း ကလေးသူငယ်တွေ ကာကွယ် ဆေးထိုးဖို့ အခက်အခဲဖြစ်လာတဲ့ အကြောင်းအရင်းတခုပါ။ 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ဒေသတွေနဲ့ ကျန်းမာရေး ယန္တရား မလည်ပတ်နိုင်တော့တဲ့ဒေသက ကလေးငယ်တွေဟာ အသက်အရွယ်အလိုက်ထိုးနှံရမယ့် ကာကွယ်ဆေးကို ထိုးနှံခွင့်မရကြပါဘူး။ 

ဒါ့ကြောင့် အသက် ၅ နှစ်အောက်ကလေးငယ်တွေမှာ ပြင်းထန်အဆုပ်ရောင်ရောဂါနဲ့ ကျောက်ရောဂါတွေဖြစ်လာတာကို တွေ့ရတယ်လို့ ဆရာဂျိုးရှားက ပြောပါတယ်။  

ပြင်းထန်အဆုပ်ရောင်ရောဂါဟာ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတမျိုးပါ။ ဒီရောဂါကြောင့် အဆုတ်ရောင်တာ၊ ဦးနှောက်အမြှေးရောင်တာနဲ့ သွေးဆိပ်တက်တာတွေဖြစ်တတ်ပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အများဆုံးဖြစ်ပွားနိုင်ပြီး ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရနိုင်တဲ့ ရောဂါတွေထဲက တမျိုးအပါအဝင်ဖြစ်တယ်လို့ ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

“ကာကွယ်ဆေးမထိုးထားခြင်းကြောင့် ကလေးတွေက ချူချာလာတယ်ပြောရမှာပေါ့။ အသက်ရှုလမ်းကြောင်း ပိုးဝင်တာမျိုး မကြာခဏ ပြင်းထန်နမိုးနီးယားဖြစ်တာတွေ၊ အဆုတ်ရောင်ရောဂါဖြစ်တာတွေ ဒါမျိုးကလေးတွေ တွေ့ရတာများလာတယ်။ ၂၀၂၄ ခုနှစ်အတွင်း ပြင်းထန်အဆုပ်ရောင်ရောဂါနဲ့ ဆုံးတဲ့ ကလေးဆိုရင် ၂ ဦးရှိတယ်။” လို့ သူက ပြောပါတယ်။ 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှ စစ်ရှောင်ကလေးငယ်များ။

 

ဆရာဂျိုးရှားဟာ ကလေးမြို့နယ်အခြေစိုက် ကျန်းမာရေးကွန်ရက် People’s Healthcare Network – Kalay မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ဆရာဝန်တဦးဖြစ်ပါတယ်။ အဲဒီကွန်ရက်ကို ဆရာဂျိုးရှားအပါအဝင် CDM ကျန်းမာရေး ဝန်ထမ်း အနည်းစုနဲ့  ၂၀၂၂ နှစ်စပိုင်းမှာ စတင်တည်ထောင်ခဲ့တာပါ။

လက်ရှိအချိန်ထိ ကလေးမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ တော်လှန်အင်အားစုတွေ စိုးမိုးထားနိုင်တဲ့ ကျေးရွာပေါင်း ၇၀ လောက်ကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပေမယ့် ကာကွယ်ဆေးထိုးလုပ်ငန်းတွေကိုတော့ အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဆိုပါတယ်။ 

“ကာကွယ်ဆေးကလည်း အလွယ်တကူဝယ်လို့ မရဘူး။ ဝယ်လို့ရတဲ့ကာကွယ်ဆေးကို ထိန်းသိမ်းထား ပေးနိုင်ဖို့အတွက် အဆင်မပြေဘူးပေါ့နော်။ အဲ့ဒါကြောင့် ကျနော်တို့အနေနဲ့ ကလေးတွေကိုဘယ်လိုမှ ထိုးနှံပေးနိုင်ခြင်းမရှိဘူး ဖြစ်နေတာ။” လို့ ဆရာဂျိုးရှားက ပြောပါတယ်။ 

ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းစဥ်ဟာ တကြိမ်တခါထိုးလိုက်ရုံနဲ့ ပြီးသွားတာမဟုတ်ဘဲ ရေရှည်အစီအစဥ်ချပြီး ထိုးနှံရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကြီးမြင့်သလို ဆေးရရှိလာရင်လည်း ရေရှည်ထိန်းသိမ်းထားနိုင်ဖို့နဲ့ တနေရာနဲ့တနေရာ သယ်ယူချိန်မှာ အသုံးပြုဖို့ Cold box ၊ Vaccine carrier box နဲ့ Coolant packs တို့လို ဆေးအာနိသင်မပြေအောင် ထိန်းသိမ်းထားနိုင်တဲ့ ပစ္စည်းတွေလိုအပ်ပါတယ်။ 

လက်ရှိမှာ အဲ့ဒီပစ္စည်းတွေအလုံအလောက်မရှိတာကလည်း ပြဿနာတရပ်ဖြစ်နေပြီး ဝယ်ယူနိုင်ဖို့တော့ ပြင်ဆင်နေတယ်လို့ ဆရာဂျိုးရှားက ပြောပါတယ်။ 

“အဲ့ဆေးကိုသယ်ဖို့အတွက် ခုချိန်ထိစိန်ခေါ်မှုတခု ဖြစ်နေသေးတယ်။ ဆေးတွေရောက်လာရင် ဘယ်မှာ ထားကြမလဲ။ ဘယ်လိုစီစဥ်မလဲ။ အဲ့ဒီကနေသယ်သွားဖို့ရာ Box တွေ ဘယ်နှလုံးရှိလဲ ပေါ့နော်။ အဲ့ဒါတွေ အခြေခံစာရင်းတော့ပြုစုနေပြီ။ အဓိကကျနော်တို့ လက်ရှိပြင်ဆင်ရင်းနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေပေါ့။” လို့ သူက ရှင်းပြပါတယ်။ 

မွေးစကနေ ၁ နှစ်ခွဲကလေးတွေကို ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး၊ ဦးနှောက် အမြှေးရောင်နဲ့ အဆုတ်ရောင်ရောဂါတွေအတွက် ထိုးပေးရမှာဖြစ်ပြီး ကာကွယ်ဆေးမထိုးထားတဲ့ကလေးတွေမှာ ရောဂါကူးစက်မှုတွေရှိလာရင် ပိုမိုပြင်းထန်လာပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ် လို့ ကလေးအထူးကုဆရာဝန် (အမျိုးသမီး) တဦးက ပြောပါတယ်။ 

ကလေးမြို့နယ်အတွင်းက ကလေးငယ်တွေကို People’s Healthcare Network – Kalay အဖွဲ့ဝင်တွေက ဆေးကုသမှုပေးနေစဉ်

 

“(ကာကွယ်ဆေး) အားလုံးက အရေးကြီးတယ်။ ရောဂါဖြစ်လာရင်တော့ အခြားကာကွယ် ဆေးထိုးထားတဲ့ ကလေးတွေထက်စာရင် ပိုပြီးရောဂါပြင်းထန်နိုင်တယ်။ အသက်အန္တရာယ်ရှိနိုင်တယ်” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းမှာရှိတဲ့ ကလေးသူငယ်အများစုက ကာကွယ်ဆေးထိုးခွင့်မရကြပါဘူး။ အနည်းစုသော ကလေးမိဘတွေကတော့ သူတို့ရဲ့ကလေးတွေကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေသက ဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက်ထိုးနှံတာတွေရှိပြီး ပမာဏအားဖြင့် အင်မတန်နည်းပါးတယ်လို့ ဆိုပါတယ်။ 

“ကာကွယ်ဆေးထိုးမှ ဖြစ်မယ်ဆိုတာနားလည်တဲ့ ကလေးမိဘတွေကတော့ အရဲစွန့်ပြီး သွားထိုးကြတာရှိတယ်။ ဒါကတော့ ရွာတရွာမှာရှိတဲ့ ကလေးရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင် ၁ ရာခိုင်နှုန်း တောင်မရှိဘူးပေါ့။ အဲ့လောက်က ထိုးနိုင်တယ်။ ကျန်တဲ့ ၉၉ ရာခိုင်နှုန်းလောက်ကတော့ ကာကွယ်ဆေး ထိုးနိုင်ခြင်းမရှိဘူး” လို့ ဆရာဂျိုးရှားက ပြောပါတယ်။

မကွေးတိုင်းနဲ့ စစ်ကိုင်းအတွင်းမှာ ကလေးတွေကာကွယ်ဆေးမထိုးနှံနိုင်တဲ့ နောက်ထပ် အကြောင်းအရင်းတခုက ဆေးဝါးဝယ်ယူရာမှာ စစ်ကောင်စီဘက်က ထိန်းချုပ်ထားတဲ့ လမ်းပိုင်းတွေကို ဖြတ်သန်းရတာကြောင့် လမ်းခရီးမှာ စစ်ဆေးဖမ်းဆီးတာတွေရှိတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့နေသူတချို့က ပြောပါတယ်။ 

“အဓိက စစ်ကောင်စီထိန်းချုပ်ထားတဲ့အတွက် သယ်ယူဖို့ခက်နေတာရှိတယ်။ တချို့ကျတော့ ကာကွယ်ဆေးတွေက ထိန်းသိမ်းရဖို့ အခက်အခဲဖြစ်တာပေါ့။ တချို့က အအေးခန်းနဲ့ထားရမယ့်ဟာမျိုး၊ ကျနော်တို့ ဘက်တွေမှာကျ သယ်ရတာလည်းမလွယ်သလို ထားသိုမှုမှာလည်း ခဲယဉ်းမှုဖြစ်နေတယ်။” လို့ အမျိုးသား ညီညွတ်ရေးအစိုးရ - NUG လက်အောက်ခံ ပုလဲမြို့နယ်အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာတာဝန်ခံ မအိသူသူမောင်က ပြောပါတယ်။ 

ကလေးမြို့နယ်အတွင်းက ကလေးငယ်တွေကို People’s Healthcare Network – Kalay အဖွဲ့ဝင်တွေက ဆေးကုသမှုပေးနေစဉ်။

 

မအိသူသူမောင် အဓိကထားကူညီပေးနေတဲ့ ပုလဲမြို့နယ်အတွင်းကကျေးရွာတွေမှာလည်း လုံလောက်တဲ့ ကာကွယ်ဆေးမထိုးပေးနိုင်သေးပါဘူး။ 

အခုလိုဒေသတွင်း ကာကွယ်ဆေးမထိုးပေးနိုင်တာကြောင့် ကလေးရဲ့ကျန်းမာရေးကို စိုးရိမ်တဲ့မိဘတချို့က မြို့ပေါ် ဆေးရုံဆေးခန်းတွေမှာ ကာကွယ်ဆေးထိုးချင်ပေမယ့်လည်း ခရီးစားရိတ်မတတ်နိုင်တာ၊ လမ်းခရီးမှာ စစ်ကောင်စီ တပ်သားတွေနဲ့တွေ့ပြီး ဖမ်းဆီးစစ်ဆေးခံရမှာတွေကို ကြောက်ပြီးမသွားကြသူတွေလည်းရှိတယ်လို့ မအိသူသူမောင်က ပြောပါတယ်။ 

ဒီပဲယင်းမြို့နယ်အတွင်းမှာလည်း ကလေးငယ်တွေကာကွယ်ဆေးထိုးခွင့်မရသလို ဆေးဝါးဝယ်ယူရာမှာလည်း စစ်ဆေးတားဆီးမှုတွေကြုံရတယ်လို့ S&C မီးဘေး၊စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။ 

“မြို့ပေါ်တက်ဝယ်လို့ရပေမယ့် လမ်းကြောမှာ အစစ်အဆေးတွေမိရင် ဖမ်းတယ်။ ဘာဆေးပဲ ဝယ်ဝယ် ဆရာဝန် လက်မှတ်မပါရင်သိမ်းတယ်။ ထောက်ခံစာမပါရင်လည်း သိမ်းတယ်။ တချို့တွေဖမ်းခံရတာတွေရှိပါတယ်။ မူးယစ်ဆေးဝါးမိသလိုမျိုးကို ဖမ်းဆီးထောင်ချတာတွေထိ လုပ်ပါတယ်။ ဆေးဝါးသယ်ယူရင် ပြစ်မှုအရမ်းကြီးတဲ့ပုံစံမျိုးနဲ့ဖမ်းဆီးနေတာပါ” လို့ သူက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ကလေးသူငယ် ၄ သန်းကျော်ရှိပြီး အရင်က ၉၅ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးခွင့်ရပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကလေးသူငယ် ၂၅ ရာခိုင်နှုန်းသာကာကွယ် ဆေးထိုးခွင့်ရတယ်လို့ NUG၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ - WHO ရဲ့ အစီခံစာတခုကို ကိုးကားပြီး ဇူလိုင် ၁၀ ရက်မှာပြုလုပ်တဲ့ NUG ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် UNICEF နဲ့ WHO တို့ကလည်း NUG နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ကာကွယ်ဆေး ထောက်ပံ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။ 

“UNICEF ကနေ WHO တို့ကနေ NUGနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ကာကွယ်ဆေးတလုံးမှ မပေးထားပါဘူး။ ကလေးတွေရဲ့ကာကွယ်ဆေးလည်း တလုံးမှ မရသေးပါဘူး။” လို့ ဒေါက်တာဇော်ဝေစိုးက ပြောဆိုခဲ့ပါတယ်။   

ထောက်ပံ့မှုမရပေမယ့် ရရှိထားတဲ့ရံပုံငွေကနေ ကာကွယ်ဆေးထိုးလုပ်ငန်းစဥ်တွေလုပ်ဆောင်နေပြီး Pilot Project အနေနဲ့ ကရင်နီဒေသက ကလေးသူငယ် ၂ ထောင်ကျော်နဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမြို့တချို့က ကလေးသူငယ် ၂ သောင်းကျော်ကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဆရာဂျိုးရှားကလည်း ၃ နှစ်ကြာကာကွယ်ဆေးမထိုးရတဲ့ကလေးတွေအတွက် ကာကွယ်ဆေးထိုးနှံရေး အစီအစဥ်ကို အကောင်အထည်ဖော်နိုင်အောင်ကြိုးစားနေပြီး ကာကွယ်ဆေးမထိုးရတဲ့ကာလ ကြာရှည်သွားပါက ယာယီပပျောက်ဆဲ (ပိုလီယိုကဲ့သို့) ရောဂါတွေပြန်လည်ဖြစ်ပွားလာနိုင်တာကြောင့် ဝိုင်းဝန်းအာရုံစိုက်ပေးကြဖို့ အခုလို တောင်းဆိုလိုက်ပါတယ်။ 

“ကာကွယ်ဆေးမထိုးတဲ့ကာလ ဒီထက်ပိုပြီးကြာလာမယ်ဆိုရင် ရောဂါတွေတဖန်ခေါင်းပြန်ထောင်လာပြီးတော့ နိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်း၊ ကလေးတွေရဲ့ ကျန်းမာရေးအဆင့်အတန်းကစပြီး အကုန်ဆိုးဆိုးဝါးဝါး ထိခိုက်လာနိုင်တယ်။ ဒါ့ကြောင့် ကာကွယ်ဆေး ထိုးလုပ်ငန်းတွေကို အာရုံထားပြီးတော့မှ ပိုပြီးတော့အားစိုက်ပြီး လုပ်ပေးစေချင်တယ်။”

#မြေလတ်အသံ

#ကလေးကာကွယ်ဆေး #ကလေးသူငယ် #ကာကွယ်ဆေး #ကျန်းမာရေး #ရောဂါ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10