ဆောင်းတွင်းကာလမှာ ကြုံရာကျပန်းလုပ်နေရတဲ့ စစ်ရှောင်တွေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးရွာကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မိသားစုဝင်တွေဟာ စားဝတ်နေရေး အဆင်မပြေတဲ့အတွက် ကြုံရာကျပန်းအလုပ်တွေကို လုပ်ကိုင်နေကြရတယ်လို့ အင်မထီး ပအဖ အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီ အင်မထီးရွာဒေသခံတွေဟာ ပျူစောထီးနဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကို မကြိုက်တဲ့အတွက် ၂၀၂၂ ဇန်နဝါရီလ အစောပိုင်းမှာပဲ အိုးအိမ်တွေကိုစွန့်ခွာပြီး အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးလာကာ ပုလဲနယ်ထဲက စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှာင်အဖြစ် လာရောက်နေထိုင်ကြတာပါ။

ယခုအချိန်အထိ အင်မထီးပျူရွာက ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ မိသားစုဝင် ၄၀၀ ကျော်ရှိပြီး ယာယီတဲတွေ ဆောက်လုပ်နေထိုင်ကာ ရရာအလုပ်တွေကိုလုပ်ကိုင်ရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြတာပါ။

မိုးတွင်းအခါမှာ မြိုင်နဲ့ပေါက်နယ်ဘက်တွေမှာ ရေနံတွင်းတူးဖို့ အငှားလိုက်ကြသလို စစ်ရှောင်စခန်းအနီးဝန်းကျင်က ရွာတွေမှာ နွားနဲ့ထွန်ထိုးတာ၊ စပါးစိုက်တာ၊ ကြက်သွန်နှုတ်တာ၊ ပေါင်းနှုတ်တာ၊ မြေပဲခူးတာ၊ နှမ်းခါတာ စတဲ့ လယ်ယာအလုပ်တွေကို လုပ်ကိုင်ကြတယ်လို့ အင်မထီး စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

အဲ့ဒီအလုပ်တွေ လုပ်ကိုင်ရာမှာ မနက် ၆ နာရီကနေ နေ့လယ် ၁၂ နာရီအထိသာ လုပ်ကြရပြီး လုပ်အားခ ၃၀၀၀ ကနေ ၅၀၀၀ အထိ ရကြတယ်လို့ ဆိုကြပါတယ်။

မိုးတွင်းကာလမှာ လုပ်ယာလုပ်ငန်းတွေကို နေ့စဉ်လုပ်ကိုင်နေရပြီး ယခုလို ဆောင်းတွင်းအခါမှာတော့ အလုပ်အကိုင် ရှားပါးလာတယ်လို့ ပြောကြပါတယ်။

ယခုလို ဆောင်းရာသီမှာ လုပ်အကိုင်ရှားပါးတဲ့အတွက် သစ်မြစ်တူးတာ၊ ကျောက်ခဲသယ်၊ သဲသယ်ယူတဲ့အလုပ်တွေကိုတော့ ရံဖန်ရံခါသာ လုပ်ကိုင်ကြရပြီး ထရံရက်တာ၊ ခြံစည်းရိုး၊ ဝါးကပ်ရက်လုပ်တာ၊ မုန့်ပဲသွားရည်စာတွေ ပြုလုပ်ကာ စားဝတ်နေရေးအတွက် လုပ်ကိုင်နေရတယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အဲ့ဒီ အင်မထီးရွာက စစ်ရှောင်နဲ့ ပျူစောထီးရွာတွေက ထွက်ပြေးလာကြသူတွေကို မြို့နယ် ပအဖ၊ ပကဖ အဖွဲ့တွေကနေတဆင့် ပြည်သူတွေ လှူဒါန်းထောက်ပံ့တာတွေကို ခွဲဝေပေးနေရတာပါ။ 

နေရပ်စွန့်ခွာလာကြတဲ့ မိသားစုဝင်တွေမှာ ကလေးငယ်တွေရှိပြီး သူတို့ကို မူလတန်းအဆင့်လောက်အထိသာ ကျောင်းထားနိုင်ကြပြီး စားဝတ်နေရေးအတွက် ဆယ်ကျော်သက် ကျောင်းနေအရွယ်တွေမှာ မိသားစု စားဝတ်နေရေးအတွက် ပညာရေးတဝတ်တပျက်နဲ့ ကျောင်းထွက်ကာ  အလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပုလဲ #အင်မထီး # ပျူစောထီးရွာ #စစ်ဘေးရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10