ညောင်ပင်ကြီးရဲကင်းဂိတ်ကို PDF တွေ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၆ ဦးသေပြီး သေနတ် ၄ လက်နဲ့ ကျည်တချို့ရရှိ

ညောင်ပင်ကြီးရဲကင်းဂိတ်ကို PDF တွေ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၆ ဦးသေပြီး သေနတ် ၄ လက်နဲ့ ကျည်တချို့ရရှိ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပခုက္ကူ-ဆားလင်းကြီးလမ်းမပေါ်က ညောင်ပင်ကြီးရဲကင်းဂိတ်ကို ဇူလိုင် ၃၁ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈ ဦးခန့်အထိုင်ချတပ်စွဲထားတဲ့ အဆိုပါရဲကင်းဂိတ်ကို ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီခွဲအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

"ကားနဲ့ ဝင်ပစ်တာ မျက်မြင် ၆ ယောက်သေတယ်။ ၂ ယောက်က ထွက်ပြေးသွားတယ်။ သေနတ် ၄ လက်နဲ့ ကျည် ၁၀၀ ကျော်ရလိုက်တယ်။” လို့ Salingyi G-Z People Defence Force တာဝန်ခံ ကိုပန်ကာက မြေလတ် အသံကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ချိန်ဟာ ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

ညောင်ပင်ကြီးရဲကင်းဂိတ်တိုက်ခိုက်ရာမှာ G 3 ၃ လက်၊ အူဇီ ၁ လက်နဲ့ G3 ကျည် ၁၀၀ ကျော်၊ ကျည်ဘောက် ၇ ခု၊ ဖုန်း ၃ လုံး နဲ့ ငွေ ၂ သိန်းကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။ 

တိုက်ခိုက်ခံရတဲ့ ညောင်ပင်ကြီးရဲကင်းဂိတ်ဟာ ခရီးသွားကားတွေနဲ့ ကုန်ကားတွေကို ငွေကြေးတောင်းခံနေတဲ့ ဂိတ်တခုဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ 

ရဲကင်းဂိတ် တိုက်ခိုက်ခံရပြီးတဲ့နောက် ည ၈ နာရီဝန်းကျင်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)က အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ရဲကင်းစခန်းမှာသေဆုံးနေတဲ့ အလောင်းတွေကို လာရောက်ကောက်ယူပြီး ညောင်ပင်ကြီးရဲစခန်းကို အင်အား ၄၀ ခန့်နဲ့ ဝမ်ပေါင်ကုမ္ပဏီဘက်ကို အင်အား ၆၀ ခန့် စစ်ကြောင်းခွဲကာ ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။ 

ညောင်ပင်ကြီးရဲကင်းတိုက်ခိုက်မူကို YPF(Salingyi)၊ Salingyi G-Z People Defence Force၊ Chindwin Galone Yarzar Guerrilla Defense Force၊ Alpha Special Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို သိရပါတယ်။

၂၀၂၃ ဇွန် ၉ ရက်က ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ စခန်းတခုလုံးနီးပါး သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးကာ လက်နက်ခဲယမ်း အများအပြား သိမ်းနိုင်ခဲ့ပါသေးတယ်။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #ပခုက္ကူ #ညောင်ပင်ကြီး #ရဲကင်းဂိတ် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10