ညောင်လေးပင်ကိုသွားမယ့် ရွာချင်းဆက်လမ်း ၂ ခုကို စစ်တပ်က ဖျက်ဆီးလို့ ဒေသခံတွေ သွားလာရေးခက်ခဲ

ညောင်လေးပင်ကိုသွားမယ့် ရွာချင်းဆက်လမ်း ၂ ခုကို စစ်တပ်က ဖျက်ဆီးလို့ ဒေသခံတွေ သွားလာရေးခက်ခဲ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကျူချောင်းရွာကနေ ညောင်လေးပင်ကိုဝင်မယ့် ကျေးရွာချင်းဆက်လမ်း ၂ ခုကို စစ်တပ်ကဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ သွားလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၄ ရက်မှာ စစ်ကောင်စီတပ်သား ၆၀ ဦးလောက်က မြေကော်ကားတစီးကို အသုံးပြုပြီး ကျူချောင်းရွာအဝင်လမ်း ၂ ခုမှာ အနက် ၄ ပေ၊ အကျယ် ၁၀ ပေကျော်လောက် တူးဖျက်သွားတယ်လို့ ဆိုပါတယ်။

"ညောင်လေးပင်ကိုဝင်မယ့် မိန်းလမ်းနှစ်ခုမှာ သူတို့ကဂိတ်တွေထိုင်ထားတယ်။ ကျူချောင်းကနေ ညောင်လေးပင်ကို ဝင်မယ့်လမ်းကပဲ သူတို့လူမရှိတာဆိုတော့ PDF တွေဝင်လာလို့မရအောင် လမ်းလာဖျက်တဲ့သဘောပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

ကျူချောင်းရွာက ကရင်တိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့ကျေးရွာဖြစ်ပြီး ညောင်လေးပင်မြို့နဲ့ ၂ မိုင်ကျော်သာဝေးပါတယ်။ 

ဒါ့ကြောင့် ဒေသထွက်ကုန်တွေဖြစ်တဲ့ ပဲ၊ နှမ်း၊ စပါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ညောင်လေးပင်မြို့ပေါ် တက်ရောင်းရသူတွေမှာလည်း ခရီလမ်းကြန့်ကြာတာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ကျူချောင်းရွာလမ်းကိုဖျက်လိုက်တာကြောင့် ဆုံကုန်း၊ ရေဖြူကန်အပါအဝင် နီးစပ်ရာ ကျေးရွာတွေက ဒေသခံတွေဟာ ညောင်လေးပင်မြို့ကိုသွားတဲ့အချိန်မှာ အခြားလမ်းပိုင်းတွေကနေ ကွေ့ပတ်သွားရမှာဖြစ်ပြီး စစ်ကောင်စီတပ်တွေရှိနေတဲ့ ညောင်လေးပင်-မဒေါက်လမ်း၊ ညောင်လေးပင်-ပိန်းဇလုပ်လမ်းကနေ ဖြတ်သန်းသွားလာရတော့မှာဖြစ်ပါတယ်။

၂၀၂၃ ဇူလိုင် ၆ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာကနေ ညောင်လေးပင်-မဒေါက်လမ်းပေါ်ကို ဖြတ်ထွက်တဲ့ ကျေးရွာချင်းဆက်လမ်း ၄ ခုကို စစ်ကောင်စီဘက်က ဘက်ဟိုးတွေနဲ့တူးပြီး ဖျက်ဆီးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #ကျူချောင်းရွာ #ဖျက်ဆီး #ရွာချင်းဆက်လမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10