ညောင်လေးပင်မှာ စစ်တပ်ရဲ့ဖမ်းဆီးငွေတောင်းခံရသူ အပြန်လမ်းမှာ မိုင်းထိသေဆုံး၊ ကျောက်တံခါးမှာလည်း မိုင်းထိလို့  ၁ ဦး ဒဏ်ရာရ

ညောင်လေးပင်မှာ စစ်တပ်ရဲ့ဖမ်းဆီးငွေတောင်းခံရသူ အပြန်လမ်းမှာ မိုင်းထိသေဆုံး၊ ကျောက်တံခါးမှာလည်း မိုင်းထိလို့  ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ကွင်းဒလလေးကျေးရွာလမ်းပေါ်မှာ ဧပြီလ ၈ ရက်မနက်ပိုင်းက အမျိုးသား ၁ ဦး မိုင်းထိသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူဟာ ညောင်လေးပင်မြို့နယ်၊ ကျွန်းစုကျေးရွာနေ အသက် ၄၃ နှစ်အရွယ် ဦးကျော်မိုးဖြစ်ပြီး ဧပြီလ ၇ ရက်မှာ ရန်ကုန်ကနေ သူနေထိုင်ရာကျေးရွာကို လိုင်းကားနဲ့ပြန်လာချိန် ရေကြည်ချောင်းတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ကားပေါ်ကဆွဲချခံရကာ အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ညအိပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် ဧပြီလ ၈ ရက်မနက် ၅ နာရီခွဲခန့်မှာ စစ်ကောင်စီဘက်က ပြန်လွှတ်လိုက်တာကြောင့် သူနေထိုင်ရာ ကျွန်းစုကျေးရွာဘက်ကို လမ်းလျှောက်ပြန်လာချိန် ကွင်းဒလလေးကျေးရွာလမ်းမှာ မိုင်းနင်းမိခဲ့တာပါ။ 

"သူ့ကိုအကြောင်းမဲ့ဖမ်းဆီး ရိုက်နှက်ပြီး သူမှာပါလာတဲ့ ဖုန်းနဲ့ငွေ ၈ သိန်းကို စကစဘက်က ယူလိုက်တယ်။ မနက်ကျတော့ ဒီအတိုင်းပြန်လွှတ်ပေးလိုက်တော့ သူလုပ်အားခတွေ သိမ်းယူခံလိုက်ရလို့ စိတ်ဓာတ်ကျပြီး လမ်းလျှောက်ပြန်လာတာ မိုင်းပါထပ်ထိတာ။ သူအခြေနေတွေကို သူမသေခင်ပြောပြသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးကျော်မိုးဟာ ရန်ကုန်မှာဆောက်လုပ်ရေးလုပ်သားအဖြစ် အလုပ်လုပ်နေသူဖြစ်ပြီး သင်္ကြန်တွင်း သူလုပ်အားခတွေကို မိသားစုတွေသုံးရအောင်လာပြန်ပေးချိန်မှာ အခုလိုအခြေနေဖြစ်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းထိလို့ ဦးကျော်မိုးဟာ ညာခြေပြတ်၊ ဘယ်လက်လက်ကောက်ဝတ်ထိခိုက်ဒဏ်ရာပြင်းထန်စွာရပြီး နီးစပ်ရာ ဆေးခန်းမှာ ဆေးကုသမှုလုပ်နေချိန် အဲ့ဒီနေ့ နေ့လယ် ၂ နာရီခွဲခန့်မှာ သေဆုံးသွားခဲ့တာပါ။ 

ကွင်းဒလေးကျေးရွာဝန်းကျင်တဝိုက်မှာ စစ်ကောင်စီဘက်က မိုင်းတွေထောင်ထားပြီး ဒေသခံတွေနင်းမိလို့ ပေါက်ကွဲရင် မိုင်းတန်ဖိုး ၈ သိန်းကို လျော်ကြေးအဖြစ် တောင်းလေ့ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ကွင်းဒလလေးကျေးရွာသားတဦးဟာ ရေကြည်ချောင်း တံတားဘက်ကနေ ကွင်းဒလလေးကျေးရွာကို လမ်းလျှောက်ပြန်လာချိန် ရေကြည်ချောင်းတံတားစောင့် စစ်ကောင်စီအဖွဲ့တွေ ထောင်ထားတဲ့ မိုင်းထိလို့ ခြေဖနောက်ပြတ်ဒဏ်ရာရခဲ့တဲ့အပြင် မိုင်းဖိုး ၈ သိန်း လျော်ပေးခဲ့ရသေးတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဧပြီလ ၈ ရက် ညနေ ၃ နာရီခွဲမှာလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ကျောက်တံခါးမြို့နယ်၊ အောင်သိဒ္ဓိကျေးရွာအနီးရှိ ယာခင်းထဲမှာ အမျိုးသားတဦး မိုင်းထိပြီးဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

ကျောက်တံခါးမြို့နယ်၊ သံမဏိရပ်ကွက်နေထိုင်သူ အသက် ၅၆ နှစ်အရွယ် ဦးကျော်မိုးနိုင်က သူပိုင်တဲ့ အောင်သိဒ္ဓိကျေးရွာအနီးရှိ ယာခင်းထဲကို ဆိုင်ကယ်နဲ့အသွား ယာခင်းထဲရောက်ခါနီးမှာ မိုင်းထိပြီး ပေါင်နဲ့လက်မှာ ဒဏ်ရာရရှိခဲ့တာပါ။ 

"မိုင်းကို ဆိုင်ကယ်ဘီးနဲ့ကြိတ်မိပြီး မိုင်းကထကွဲတာ။ ဆိုင်ကယ်လည်းမှောက်လူလည်းထိသွားတာ။ ခုချိန်က ပဲတွေ သယ်ထုတ်ပြီးချိန်ဆိုတော့ ယာခင်းတွေထဲဆိုင်ကယ်သွားလို့ရနေတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီဒေသမှာတော့ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားသွားလာနေတာဖြစ်လို့ ဘယ်အဖွဲ့တွေထောင်ထားတဲ့ မိုင်းလဲဆိုတာကိုတော့ မသိရသေးပါဘူး။

အလားတူ ဧပြီလ ၇ ရက်မှာလည်း ကျောက်တံခါးမြို့နယ်၊ လေးအိမ်စုရွာနေ အသက် ၁၈ နှစ်အရွယ် ဆာရီသာကူမာရီဟာ နေအိမ်ကနေ ကျေးရွာအနီးရှိမိသားစုပိုင် ပဲခင်းထဲကိုသွားချိန် ပဲခင်းအရောက်မှာ မြေမြှုပ်မိုင်းထိပြီး ခြေထောက်နဲ့လက်မှာ ပြင်းထန်ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #ကွင်းဒလလေး #ဒေသခံမိုင်းထိ #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10