ညောင်လေးပင်မှာ တိုက်ခိုက်ခံရလို့ စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါ အရာရှိ ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူများ

ညောင်လေးပင်မှာ တိုက်ခိုက်ခံရလို့ စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါ အရာရှိ ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူများ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာအနီးမှာ ဓါတ်တိုင်ပြင်ဖို့ လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က အရာရှိ ၂ ဦးသေဆုံးပြီး တပ်သားအချို့ ဒဏ်ရာရခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။  

ရေဖြူကန်ရွာထဲမှာတပ်စွဲနေတဲ့ ရွှေကျင်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၄၉ က စစ်ကောင်စီအဖွဲ့တွေကို ဩဂုတ် ၆ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

"ရေဖြူကန်နားမှာက ဓာတ်တိုင်တွေက လှဲခံထားရတာ။ အဲ့ဒါကို ခဏခဏလာပြင်တယ်။ လာပြင်တိုင်းလည်းတိုက်ခိုက်ခံရတယ်။ ဒီတခေါက်မှာတော့ အရာရှိတွေပါကျတာ သိရတယ်။"လို့ Fire Dragon PDF အဖွဲ့ဝင်တဦးကပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး(ယာယီ)နဲ့ တပ်ခွဲမှူး ၁ ဦးသေဆုံးပြီး အခြားအဆင့်တပ်သား ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ တောကျီးကန်းစစ်ကြောင်း သတင်းနဲ့ ပြန်ကြားရေး ဒုတာဝန်ခံက အတည်ပြုပါတယ်။  

"စကစစစ်ကြောင်းက ရေဖြူကန်မှာရောက်နေတာ ကြာပြီ။ ကျနော်တို့ဘက်ကလည်း အလျဉ်းသင့်သလို ဒရုန်းနဲ့ သွားသွားချတယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာ။ ဒရုန်းနဲ့ ဗုံးချတာတွေ ရှိတယ်။ ၆ ရက်နေ့ တိုက်ခိုက်မှုမှာတော့ စစ်ကြောင်းမှူးအပါ အရာရှိနှစ်ယောက်သေတယ်"လို့ တောကျီးကန်းစစ်ကြောင်း သတင်းနဲ့ပြန်ကြားရေး ဒုတာဝန်ခံက ပြောပါတယ်

ဒီတိုက်ခိုက်မှုကို KNLA တပ်ရင်း ၉ ဒရုန်းတပ်ဖွဲ့၊ ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ်ဖွဲ့၊ တောကျီးကန်းဒရုန်းတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၁၀ ရက်ဒီမနက်ပိုင်းအထိ စစ်ကောင်စီစစ်ကြောင်းဟာ ရေဖြူကျေးရွာမှာတပ်စွဲနေပြီး အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသေးတယ်လို့လည်း အထက်ပါသတင်းနဲ့ပြန်ကြားရေး ဒုတာဝန်ခံက ပြောပါတယ်။

ဇန်ဝါရီ ၅ ရက်ကလည်း ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ ညောင်လေးပင်အခြေစိုက် ခမရ  ၂၀ ကပစ်တဲ့ လက်နက်ကြီးက နာရေးအိမ်ပေါ်ကျလို့ ဒေသခံ ၄ ဦးသေ၊ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီ #ပစ်ခတ်ခံရ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10