ညောင်လေးပင်မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုရှိ

ညောင်လေးပင်မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာနဲ့ ကွင်းဒလလေးကျေးရွာမှာ သြဂုတ်လ ၁၁ ရက်နဲ့ ၁၃ ရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့  Fire Dagon PDF ဆီက သိရပါတယ်။ 

ဩဂုတ်လ ၁၁ ရက်မှာ ပုဇွန်မြောင်းကျေးရွာထဲက နေအိမ်တွေကို ဖျက်ဖို့လာသူတွေကို အကာအကွယ်ပေးနေတဲ့ အင်အား ၃၀ ပါစစ်ကောင်စီအဖွဲ့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က စတင်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေကာ ၁၆ ဦးဒဏ်ရာရခဲ့ပါတယ်။ 

အဲ့ဒီနောက် ဩဂုတ်လ ၁၃ ရက် ဒီမနက် ၈ နာရီလောက်မှာ ရေကြည်ချောင်းတံတား စစ်ကောင်စီ ဂိတ်ကနေ စစ်ကောင်စီအဖွဲ့ဝင် ၆ ဦးဟာ ကွင်းဒလလေးကျေးရွာအနီးလာချိန် ကင်းပုန်းဝပ်နေတဲ့ ဒေသခံကာကွယ်ရေးတပ်တွေနဲ့တွေ့ပြီး ပစ်ခတ်မှုဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရခဲ့ကာ ကျည်အချို့နဲ့ကျည်ဘောက်လည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 

"တိုက်ပွဲနှစ်ခုစလုံးက အချိန်တနာရီကျော်လောက်ဖြစ်ခဲ့တာ။ စကစဘက်ကတော့ ထိခိုက် သေဆုံးများလို့ လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေတာ"လို့ Fire Dagon PDF အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကို Fire Dagon PDF၊ တပ်ရင်း ၃၇၀၃နဲ့ ပူးပေါင်းအဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံး အတိအကျကိုတော့ မြေလတ်အသံက သီးခြားအတည် မပြုနိုင်သေးပါဘူး။ 

ပုဇွန်မြောင်းကျေးရွာထဲက စစ်ရှောင်တွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက သူတို့နဲ့ နီးစပ်သူတွေဆီကို စျေးပေါပေါနဲ့ရောင်းချနေပြီး အိမ်ဝယ်တွေကအိမ်လာဖျက်ချိန်ဆိုရင်လည်း လုံခြုံရေးပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

ပုဇွန်မြောင်းကျေးရွာဟာ အိမ်ခြေ ၁၆၀၀ နဲ့ လူဦးရေ ၇၀၀၀ ဝန်းကျင်ရှိတဲ့ စံပြကျေးရွာဖြစ်ပြီး ၂၀၂၂ ခုနှစ်ခန့်ကစပြီး စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုး မီးရှို့ သတ်ဖြတ်မှုကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လက်ရှိအချိန်ထိ စစ်ကောင်စီအဖွဲ့တွေက တပ်စွဲထားတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #တိုက်ပွဲ #သေဆုံးမှုရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10