တကျော့ပြန်ဆန်စပါးပြဿနာနဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွါကြသူမျာ

တကျော့ပြန်ဆန်စပါးပြဿနာနဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွါကြသူမျာ

"ဟေး..(.....)လေ မလေးရှားမှာ အလုပ်လုပ်ရတာ ဖိနပ်တောင်မကျွတ်ဘူးတဲ့။ ဘာမှလည်း မပင်ပန်းဘူးတဲ့"။

ဒါကတော့ ရွာကလူတွေရဲ့ပါးစပ်က တဖွဖွပြောနေကြတဲ့ စကားတခုပါ။ မလေးရှားနိုင်ငံမှာ လင်ယောင်္ကျားလုပ်နေရတဲ့ အလုပ်နဲ့ပတ်သက်လို့ မယားဖြစ်သူက ရွာကလူတွေကို ဝမ်းသာအားရနဲ့ပြောပြလို့နေတာပါ။ အဲဒါကြောင့် နောက်ထပ်ရွာကလူတွေကလည်း အဲဒီအကြောင်းကို ပါးစပ်က ပြောမဆုံးကြတော့ပါ။

ယခု ၂၀၂၂ခုနှစ် ရခိုင်ပြည်နယ်တခုလုံးမှာ မိုး ခေါင်ပါတယ်။ မိုးခေါင်တာကြောင့် ပထမဆုံးဒုက္ခ ရောက်ကြရတဲ့သူတွေက တောင်သူလယ်သ မားတွေဖြစ်ပါတယ်။ လယ်ပြင်တွေဆိုရင် ကန္ဒာရ နီးပါး ခြောက်ကပ်လို့ဖြစ်နေကြပါတယ်။ တချို့လယ်ပြင်‌တွေက စပါးပင်တွေဆိုရင် မိုးနတ်မင်းကို ရှေ့ခိုးတောင်းပန်နေသယောင် ပင်ဖျားတွေက မြေကြီးအောက် ထိုးကျနေကြပါတယ်။တချို့လယ်သမားတွေကဆိုရင် မိမိတို့လယ်ပြင်နဲ့ မနီးမကမ်းမှာရှိတဲ့ ရေကန်၊ရေအိုင်တွေမှာရှိတဲ့ ရေတွေကို အတင်းအဓမ္မ လယ်ပြင်ထဲကို မောင်းသွင်းနေသကဲသို့ ရေစုပ်စက်တွေတပ်ကာ ရေတင်ကြရပါတယ်။မိုးရာသီဖြစ်‌ပေမဲ့ ဒီလိုမတရားပူပြင်းနေတာကြောင့် စိုက်ပျိုးထားတဲ့ စပါးပင်တွေ သေကြေပျက်စီး နေတာကို လယ်သမားတိုင်း ခံစားနေကြရပါတယ်။

အစိုးရရဲ့စစ်တမ်းအရ ရခိုင်တစ်ပြည်နယ်လုံးစိုက်ပျိုးနိုင်တဲ့လယ်မြေဧက ၁၃ သိန်းဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ဒါပေမဲ့ တိုက်ပွဲစတင်ဖြစ် ပွားခဲ့တဲ့ ၂၀၁၈ခုနှစ်ကဆိုရင် ဧက ၈ သိန်းခွဲဝန်းကျင်လောက်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့တယ်လို့ ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂရဲ့ စာရင်းအရသိရပါတယ်။

 ယခုနှစ်မှာဆိုရင် ရခိုင်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသ‌တွေမှာ ထွန်ယက်စိုက်ပျိုးနိုင်တဲ့ လယ်မြေ ၆၀ ရာခိုင်နှုန်းလောက်သာရှိတဲ့အထဲကအသားတင်စိုက်ပျိုးနိုင်တဲ့ ဧက ၃၀ ရာခိုင်နှုန်းသာရှိတယ်လို့ ရခိုင်ပြည်တောင်သူလယ်သမား သမဂ္ဂဥက္ကဌဦးကျော်ဇံက ပြောပါတယ်။ 

"ဒေသအလိုက် ကွာခြားမှုရှိတယ်။ ဒေသအလိုက်ဆိုတာက ရခိုင်တောင်ပိုင်းရှိမယ်။မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသရှိမယ်။ အထူးသဖြင့်တောင်ပိုင်းကတော့ သိသိသာသာကျဆင်းနိုင်တဲ့အနေအထားမရှိဘူး။ ဧကအရေအတွက်နဲ့တော့ ပြောဖို့ခက်တယ်။"လို့ ဆိုပါတယ်။

ဒီလိုမိုးခေါင် ရေရှားနေတဲ့အတွက် လယ်သမား တချို့ဆိုရင် လယ်အလုပ်ကိုဆက်မလုပ်တော့ဘဲ ရခိုင်ပြည်နယ်ကထွက်ကာ ပြည်ပနိုင်ငံတွေထဲက မလေးရှား၊ ထိုင်း၊ စင်္ကာပူတွေလို နိုင်ငံတို့ကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ဖြစ်လာကြပါတော့တယ်။ အဲဒီလိုနိုင်ငံကို သွားမယ်ဆိုရင် လည်း လွယ်တာတော့မပါဘူး။ လူတိုင်းကမရောက် နိုင်ကြပါ။ဘာဖြစ်လို့လည်းဆိုတော့ သွားမယ့်လမ်းစရိတ်အရင်းအနှီးလိုသေး လို့ပါ။ ထိုင်းနိုင်ငံစရိတ်က‌တော့ တယောက်ကို ၁၈သိန်း၊မလေးရှားဆိုရင် ၂၈သိန်း၊  ၃၀အထိပေးရပါတယ်။ ဒီလိုငွေတွေအများကြီးပေးရပေမဲ့လည်း တရား ဝင်တဲ့လမ်းက သွားရတာ‌တော့မဟုတ်ပါ။ တရားမဝင် အောက်လမ်းကပို့ပေးတဲ့ ပွဲစားဆိုသူတွေကတဆင့် သွားရတာပါ။ 

မြောက်ဦးမြို့နယ်၊ မုချာကျေးရွာက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ လယ်သမားတဦးက "ရွာမှာ လယ်ထွန်ရင် ပင်ပန်းတယ်။ မိုးကမရွာတော့ လယ်မထွန်တော့ဘဲ ဒီကိုလာခဲ့တာ။ အခု အလုပ်က နေ့တိုင်းလုပ်ရတယ်။ မပင်ပန်းဘူး။ပိုက်ဆံလည်း အများကြီးရတယ်။အိမ်ကိုလည်း လတိုင်း ပို့ပေးနိုင်တယ်"ဟု ပျော်ရွှင်အားရစွာ ပြောပြပါ တယ်။

ပြီးတော့ လယ်ထွန်ရင် လူကလည်းပင်ပန်းသလို ခန္ဓာကိုယ်မှာလည်း အမြဲတမ်း ရွှံ့နဲ့မကင်းနိုင်ပါဘူး။   နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ရရင် လူသန့်၊ ပိုက်ဆံများများရ၊ လယ်ထွန်ရတာလောက် မပင် ပန်းဘူးဆိုတော့ ရွာမှာကျန်ရှိနေကြတဲ့ လူတွေက ဝင်လာမစဲတသဲသဲဆိုသလို နိုင်ငံခြားကို သွားသူ မစဲတသဲသဲဖြစ်နေကြပါတယ်။ မြောက်ဦးမြို့နယ် မုချာကျေးရွာ၊ သရက်တော၊ကန့်သရီကျေးရွာတွေကဆိုရင် ကုန်ခဲ့တဲ့ဇွန်လနဲ့ဒီလဩဂုတ်မှာ ထိုင်း၊မလေးရှားကို သွားကြတဲ့ ယောင်္ကျား၊မိန်းမ စုစုပေါင်း ၅၀ကျော်ရှိတယ်လို့ သိရပါတယ်။ရခိုင်တပြည်နယ်လုံးဆိုရင် ဘယ်လော က်တောင် ရှိနေမလဲ။ ထိုင်းနိုင်ငံကို ပို့ပေးနေတဲ့ ပွဲစားတဦးပြောပြချက်အရ တရက်အတွင်းမှာသူ့ဆီကိုလာကြတဲ့ လူပေါင်း အနည်းဆုံး ၈၀ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့မှာရှိတဲ့ မြန်နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးအဖွဲ့ခွဲရုံး(စစ်တွေ)ရဲ့စာရင်းအရ Pass port လာလုပ်နေသူ ထိုင်းနိုင်ငံကို ၇၀ရာခိုင် နှုန်း၊ မလေးရှားနိုင်ငံကို ၂၃ရာခိုင်နှုန်း၊ စင်ကာပူ၊ ဂျပန်နဲ့ ကိုးရီးယားကို ၇ရာခိုင်နှုန်းခန့်ရှိတယ်လို့သိရပါတယ်။ဒီစာရင်းကတော့ ရခိုင်တပြည်နယ်လုံးမှာရှိတဲ့ပြည်သူတွေ နိုင်ငံရပ်ခြားကို အလုပ်လုပ်ကိုင်ဖို့ သွားတဲ့စာရင်းဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံလုံးမှာ  စစ်တလင်းပြင်သဖွယ်ဖြစ်သွားခဲ့တယ်လို့ ဆိုရင် မှားမယ်မထင်ပါ။ စစ်ရဲ့အကျိုးဆက်တွေကြောင့်ပြည်သူ‌တွေဟာ ငတ်မွတ်ခေါင်းပါးလာတဲ့ ဒဏ်ကို ဖြည်းဖြည်းချင်း ခံစားလို့လာနေကြရပါတ ယ်။ ကုန်ဈေးနှုန်း၊စားသောက်ကုန်ဈေးနှုန်း၊ ရွှေ၊စက်သုံးဆီ၊ ဆန်အစရှိတဲ့ လူသုံး စားသောက် ကုန်တွေ က တရက်နဲ့တရက် အပြိုင်အဆိုင်ဈေးတွေက ထိုးတက်လျှက်ရှိနေကြတာ အခုအချိန်ထိဖြစ်ပါတယ်။ ရွှေတွေ၊စက်သုံးဆီတွေဆိုရင် ဒေါ်လာဈေးအတက်၊အကျပေါ်မူတည်နေပါတယ်။ 

ဩဂုတ်လ ၁၃ရက်နေ့ဈေးနှုန်းအရ အခေါက်ရွှေ ၁၆ ပဲရည် (အကယ်ဒမီ မီးလင်းရွှေ) ၁ကျပ်သား ၂၈ သိန်း ၃ သောင်းကျပ်နဲ့ စျေးပိတ်ခဲ့ပြီး ဒေါ်လာစျေးမှာမူ တစ်ဒေါ်လာ ငွေကျပ် ၃၁၀၀ ဝန်းကျင်နဲ့ စျေးပိတ်သွားတယ်လို့သိရှိရပါတယ်။

အဲဒီအကျိုးသက်ရောက်မှုတွေကလည်း အလုပ်ရုံ၊ စက်ရုံဆို ဘာတခုမှမရှိတဲ့ သဘာဝဓာတ်ငွေ့တွေ ထွက်ထွက်နေတဲ့ ရခိုင်ပြည်နယ်ကိုလည်း ရိုက် ခတ်လာခဲ့ ပါတယ်။ရခိုင်ပြည်နယ်မှာ သဘာဝဓာတ်ငွေတွေ ထွက်သလို ဆန်၊ရေ၊စပါးပေါကြွယ်ဝတဲ့ ပြည်နယ်တခုအဖြစ်အရင်က ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဆန်၊ရေ၊ စပါးရှားပါးလှတဲ့ ပြည်နယ်တခုသာဖြစ်နေပါတယ်။ ပေါ်ဆန်းမွှေးဆန် တအိတ်ကို ၆၅၀၀၀ကျပ် နဲ့ပေးကာ ဝယ်ယူစားသောက်နေကြရပါတယ်။ ဆန်အညံ့တွေတောင် ၃၅၀၀၀၊၄၀၀၀၀ကျပ်အထိ ဈေးရှိနေပါတယ်။ ဒီလိုအစစအရာဈေးတွေက မိုးပေါ်အထိ ထိုးတက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ပြည်ပနိုင်ငံများကို သွားရောက်အလုပ် လုပ်ကိုင်နေရခြင်းမှတပါး အားကိုးစရာနေရာ မရှိတော့သလို ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာပါ။

"ဆန်ဈေးတွေက တရက်နဲ့တရက်မတူးဘူး။ ဒီနေ့ တအိတ်ကို ၆သောင်းဆိုရင်၊ မနက်ဖြန် ၇သောင်း ဖြစ်နေပါတယ်။ဒီလိုဈေးတက်နေလို့ အခြေခံလူ တန်းစားတွေ ဘယ်လိုလုပ်နပ်မှန်တော့မလဲ။ အလုပ်အကိုင်ကလည်း ရှားတယ်။ ဆက်လို့သာ ဈေးတွေမကျဘဲ ထိုးတက်နေမယ်ဆိုရင် လူတွေ ငတ်သေဖို့ကိန်း ဆိုက်ကျမယ်"ဟု ဆန်စက်ပိုင်ရှင် တဦးကဆိုပါတယ်။

ဆန်၊စပါးနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်၊စစ်တွေမြို့မှာ ပြည်သူ ၂၀၀ကျော် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တခုရှိခဲ့ ပါတယ်။ ၁၉၆၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ယခုနှစ်လို မိုးခေါင်၍ စိုက်ပျိုးပင်များမဖြစ်ထွန်းတဲ့အတွက် ဆန်စပါးမှာလည်း အထွက်နည်းသွားခဲ့ပါတယ်။ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီအစိုးရက ရခိုင်ဒေသစပါးအထွက်နူန်း ကျဆင်းမှာကိုသိရှိပေမဲ့လည်း နိုင်ငံ ခြားကိုစပါးတင်းရေပြည့်မီအောင် ရောင်းချနိုင်ရေးကိုသာ ဦးစားပေးခဲ့လို့ ရခိုင်ပြည်ရှိအခြေခံလူထုမှာ ငတ်မွတ်ခေါင်းပါးမှုပြဿနာကို ကြုံ တွေ့ခဲ့ရပါတယ်။ စစ်တွေမြို့က ဆန်ဂိုထောင်တွေမှာ ဆန်အပြည့်ရှိ‌ပေမဲ့လည်း အစိုးရက ဆန်ရောင်းချမပေးခြင်း၊ လူတစ်ယောက်ကို နို့ဆီဗူးနဲ့ ၁၄ ဗူးသာ ရောင်းချပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံခြားကိုတင်ပို့ရန် ဆန်ဂိုဒေါင်တွေမှာ လှောင်ထားတဲ့ဆန်တွေကို ရောင်းချပေးရန်အတွက်။

၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့မှာ စစ်တွေမြို့ရှိ ရခိုင်ပြည်သူလူထုက "ပြုတ်ဆန်မစား ရခိုင်သား၊ ဆန်ခွဲမစားရခိုင်သား" ဟု ဟစ်ကြွေးကာငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ထိုသို့ ငြိမ်းချမ်းစွာနဲ့ တောင်းဆိုခဲ့သည်ကို အစိုးရက လိုက်လျောမှု မရှိတဲ့အပြင် ခလရ ၂၀ တပ်ရင်းမှူးက ပစ်မိန့်ပေးနှိမ်နှင်းခဲ့လို့ ဒေသခံရခိုင်ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

လက်ရှိရခိုင်ပြည်မှာ တိုက်ပွဲတွေကလည်း တစတစဖြစ်ပွားလို့ရှိနေပါတယ်။ မိုးခေါင်လို့ လယ်စပါး တွေပျက်စီးနေပါတယ်။ လူတွေအတွက် အသုံး ပြုလို့ရတဲ့ ဘယ်ပစ္စည်း၊ဘယ်ကုန်တွေမဆို အကုန်လုံးရဲ့ဈေးက အဆမတန်ထိုးတက်လျှက်။ တက်သွားတဲ့ဈေးကလည်း ပြန်ကျရိုးထုံးစံ ရခိုင်မှာ သိပ်မရှိပါ။ အခြေခံလူတန်းစားတွေအတွက် ဘယ်သူကများ နေ့စဉ်နပ်မှန်အောင် လှူဒါန်းပေး မည်နည်း။အဲဒါကြောင့် မြို့တွေတော်တော်များများမှာဆိုရင် ခိုးမှု၊လူသတ်မှုတွေက နိစ္စဓူဝပါပဲ။ 

အချုပ်အားဖြင့်ဆိုရရင် ပြည်တွင်းမှာ အလုပ်ရုံ၊စက်ရုံမရှိလို့ အလုပ်လက်မဲ့တွေက မှိုလိုပေါနေ၊ မိုးကခေါင်လို့ စိုက်ပျိုးပင်တွေက သေကြေပျက်စီးလို့၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေက မိုးပေါ်ကို ထိုးဝါးနဲ့ထိုးတင်ထားသလို  ဈေးကပြန်မကျဘဲရှိနေ။ အဲဒါကြောင့် သေမထူး၊နေမထူး ဘဦးလိုမျိုးသတ္တိကိုမွေးကာ ပိုက်ဆံအဆမတန်ပေးပြီး မှောင်ခိုလမ်းတွေက နိုင်ငံခြားကိုသွားနေရတာမဟုတ်ပါလား။တနည်းအားဖြင့် ပြည်ပနိုင်ငံတွေကို အားကိုးနေရတာပဲဖြစ်ပါတယ်။

အောင်စိုး

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10