တင့်ကားတပ်ထဲကို ဖမ်းခေါ်ခံထားရတဲ့ ကန့်ဘလူဒေသခံ ၂၀၀ နီးပါး အဆက်အသွယ်ပြတ်နေ

တင့်ကားတပ်ထဲကို ဖမ်းခေါ်ခံထားရတဲ့ ကန့်ဘလူဒေသခံ ၂၀၀ နီးပါး အဆက်အသွယ်ပြတ်နေ

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာတွေက အမျိုးသမီး ၃ ဦးအပါ စုစုပေါင်းဒေသခံ ၂၀၀ နီးပါးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားပြီး နိုဝင်ဘာ ၈ ရက် ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ ကန့်ဘလူမြို့နယ်ပကဖနဲ့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၄ ရက်အတွင်း ကျောက်တိုင်၊ အိုင်ပေါင်းချောင်၊ ကျီစု၊ ဘူကြီး၊ ကျီကုန်း၊ ထန်းကုန်း၊ ကိုင်းတော၊ လိတ္တူကျေးရွာ စတဲ့ကျေးရွာတွေက ဒေသခံတွေ ဖမ်းဆီးခံထားရတာပါ။  

"အကုန်လုံးကို ပြည်သူ့စစ် (ပျူစောထီး)တာဝန် ထမ်းဆောင်ခိုင်းတော့မှာဆိုတော့ တယောက်မှပြန်လွတ်လာသူ မရှိဘူး။ ပြည်သူ့စစ်လုပ်ခိုင်းမှာကိုတော့ ၈၀ ရာခိုင်နှုန်းလောက်ထိ အတည်ပြုနိုင်တယ်။ စစခေါ် ကတည်းကိုက သူတို့ဘက်ကနယ်မြေမှန်သမျှ ပြည်သူ့စစ်လုပ်ဖို့ဖမ်းခေါ်တာ။"လို့ ကန့်ဘလူမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးချိန်မှာလည်း ပျူစောထီးထဲဝင်ဖို့  ခြိမ်းခြောက်လူတောင်းတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

"ကျနော်တို့သိရသလောက်က ဘူကြီးမှာဆို (လူ) ၁၀၀ တောင်းတယ်။ မပေးရင် ရွာမီးရှို့မယ်။ ရွာက အဲလိုတော့မလုပ်ပါနဲ့ ၅၀ ပေးမယ်ဆိုပြီး ရွေးချယ်ပြီးပေးလိုက်ရတယ်လို့ သိထားရသေးတယ်။"လို့ ပကဖပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဖမ်းဆီးခံဒေသခံတွေကိ ကန့်ဘလူ အမှတ် ၆၀၀၆ တင့်ကားတပ်ကိုခေါ်သွားပြီး ဒီနေ့အထိ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

"စစ်မှုထမ်းလူလိုလို့ ပေါ်တာဆွဲတဲ့အနေနဲ့ခေါ်သွားတာဆိုတော့ လွတ်နိုင်ခြေမရှိတော့ဘူး။ အိုင်ပေါင်းချောင်းကဆို ၃၇ ဦးပါသွားတာ။" လို့ ရွာခံတဦးက ခန့်မှန်းပြောပါတယ်။

အောက်တိုဘာ ၃၀ ရက်မှာ ကျောက်တိုင်၊ အိုင်ပေါင်းချောင်၊ ကျီစုရွာတွေကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ စုစုပေါင်း ၉၂ ဦးကိုဖမ်းပြီး အမှတ် ၆၀၀၆ တင့်ကားတပ်ထဲကို ဖမ်းခေါ်သွားခဲ့ပါတယ်။  

အဲ့ဒီနောက် နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းလောက်မှာ ကာဘိုးကျေးရွာနဲ့ သဲကုန်းရွာဘက်ကနေ ထွက်လာတဲ့ ဘုန်းကြီးဝါသဝလက်အောက်ခံ ပျူစောထီးတွေနဲ့ စစ်သားအင်အား ၅၀ ကျော်ပါ စစ်ကြောင်းက ဘူကြီး၊ ကျီကုန်း၊ ထန်းကုန်း၊ ကိုင်းတော၊ လိတ္တူကျေးရွာတွေကိုဝင်ပြီး အမျိုးသား ၁၀၀ ကျော်ကို ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ခေါ်သွားသူတွေဟာ အသက် ၁၈ နှစ်ကနေ ၅၀ ကြား အမျိုးသားတွေ ဖြစ်ပြီး အိုင်ပေါင်ချောင်ရွာက အမျိုးသမီး ၃ ဦးပါဝင်ပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၃၀ ရက်မှာ ကျီစုရွာနဲ့ ကျောက်တိုင်ရွာက ဘာသာရေး အဆောက်အဦတွေနဲ့ နေအိမ် ၁၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ 

ပုံစာ - ဇန်နဝါရီ ၂၆ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစစ်ကြောင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကန့်ဘလူ #ဒေသခံဖမ်းဆီး #တကရ၆၀၀၆ #ဝါသဝ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10