သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းအတွင်းက ပုလဲ၊ မော်လူးနဲ့ ဖောင်းပြင်မြို့နယ်တွေက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေရှိသလို နေအိမ်အဆောက်အဦ ပျက်စီးမှုတွေရှိခဲ့ပါတယ်။
ပုလဲမြို့နယ်၊ ယောအိုင်းမရွာကို တိုက်ပွဲမဖြစ်ဘဲ နိုဝင်ဘာ ၅ ရက် မနေ့က ညနေ ၃ နာရီခွဲမှာ တံတားဦးလေတပ်ဘက်က တက်လာတဲ့ဂျက်ဖိုက်တာ ၁ စီးကနေ ကျေးရွာအတွင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာအတွင်း ဒေသခံကာကွယ်ရေးတပ်တွေ စုဝေးနေတာလည်းမရှိဘဲ ဒေသခံတွေကထိန်ပွဲ ပြုလုပ်နေချိန်မှာ ဗုံးကြဲချခံလိုက်ရတာလည်း ဖြစ်ပါတယ်။
"ဒေသခံတွေကတော့ ကြောက်တာပေါ့ဗျာ၊ လန့်နေတာပေါ့။ ရပ်ရွာဓလေ့ ကထိန်ပွဲအပျော် နွှဲနေတာကနေ အပျက်ဖြစ်သွားတာကိုး။ ထိတွေ့တိုက်ပွဲလည်းမရှိဘူး။ (ဒေသခံကာကွယ်ရေး) ရဲဘော်တွေ စုဝေးနေတာလည်းမရှိဘူး။ အလကားဗျာ ဘလိုင်းကြီးလာပစ်သွားတာ။" လို့ ပုလဲဒေသခံတဦးက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ဒေါ်လုံးခင် ၇၀ နှစ်၊ ဦးအောင်ဌေး ၄၀ နှစ်၊ မဇာဇာခိုင် ၂၄ နှစ်၊ ဒေါ်အေးသိုက် ၇၀ နှစ်ကျော်တို့ သေဆုံးခဲ့ပြီး ဒေါ်ဌေးကြည် ၄၀ နှစ်၊ မစိုးစိုး ၃၀ နှစ်၊ ဦးစိန်ဝင်းထွန်း(ခ)ကုလား ၄၀ နှစ်၊ ဦးစိန်ဖေ ၈၀ နှစ်၊ သက်ဖြိုးကို အသက် ၁ နှစ်ခွဲနဲ့ နောက်ထပ် အရပ်သား ၄ ဦးထိမှန်ဒဏ်ရာရခဲ့ပြီး အဲ့ဒီထဲက ဒေါ်ဌေးကြည်နဲ့ ဦးစိန်ဖေက စိုးရိမ်ရတဲ့အခြေနေရှိတယ်လို့ ဆိုပါတယ်။
ဒေသခံတွေလည်း ရွာကတိမ်းရှောင်နေကြရပြီး လက်ရှိမှာတော့ သေဆုံးသူတွေကို သက်ဆိုင်ရာ တိုက်နယ်တွေက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ ရပ်ကျေး ပကဖ၊ ပအဖတွေက မြေမြှုပ်သင်္ဂြိုဟ်ဖို့ဆောင်ရွက်နေတယ်လို့ ပုလဲဒေသခံတဦးက ပြောပါတယ်။
နေအိမ်တချို့ပျက်စီးကာ ကျွဲ၊ နွားတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေနဲ့ နောက်ဆက်တွဲအခြေအနေ အသေးစိတ်ကိုလည်း စုံစမ်းနေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝာာဝန်ရှိသူက ပြောပါတယ်။
အိုင်းမကျေးရွာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ၂၀၂၂ ခုနှစ်ဆန်းပိုင်းကနေ ၂၀၂၄၊ နိုဝင်ဘာ ၅ ရက်အထိ ပုလဲမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၂ ကြိမ်ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီကသိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်နဲ့ မော်လူးမြို့နယ်က စာသင်ကျောင်းနဲ့ ဆေးရုံကိုလည်း နိုဝင်ဘာ ၅ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတဲ့အတွက် ပြည်သူ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
ဖောင်းပြင်မြို့နယ်၊ သက်လာကောင်းမောင်းရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေနေထိုင်တဲ့ စာသင်ကျောင်းကို နေ့လယ် ၃ နာရီဝန်းကျင်မှာ ဟုမ္မလင်းဘက်က တက်လာတဲ့ Mi 2 ရဟတ်ယာဉ်ပေါ်ကနေ ဗုံး ၁၂ လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
“ဟုမ္မလင်းနဲ့ ဖောင်းပြင်ဖက်ကို (လူ)စုစုရှိတဲ့နေရာတွေ၊ လူစည်တဲ့ဈေးတွေ၊ ဘုန်းကြီးကျောင်းတွေဆို ဟုမ္မလင်းလေတပ်ကနေ လာပစ်နေကျ။ ပစ်ချင်လို့ကို လာပစ်တာ။”လို့ ဖောင်းပြင်ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီလေကြောင်း တိုက်ခိုက်မှုကြောင့် မြင်သာကျေးရွာကနေ စစ်ရှောင်လာတဲ့ အသက် ၄၀ အရွယ် ကိုမင်းထွဋ် သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေ့လယ် ၃ နာရီခွဲ ဝန်းကျင်မှာလည်း အင်းတော်မြို့နယ်၊ မော်လူးတိုက်နယ်ဆေးရုံကို စစ်ကောင်စီက ဗုံး ၂ လုံးကြဲချခဲ့ကာ ၁ လုံးပေါက်ကွဲပြီး ဆေးရုံအဆောက်အဦတွေ ပြိုကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“အင်းတော်မှာဖြစ်တဲ့တိုက်ပွဲ ဒဏ်ရာရတဲ့ဟာကို မော်လူးမှာ ဆေးကုတယ်ဆိုပြီးတော့ အဲ့လိုမျိုး ထင်တာပေါ့။ ဒလန်တယောက်ယောက်က အဲ့လို သတင်းပေးလိုက်တာထင်တယ်။ အဲ့ဒါကြောင့် ဆေးရုံတည့်တည့်ကို လာပြီး ကြဲတာ။”လို့ မော်လူးဒေသခံတဦးက ပြောပါတယ်။
ဆေးရုံတည့်တည့် ဗုံးကျရောက်ခဲ့ပေမယ့် အဆိုပါဆေးရုံဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက မဖွင့်လှစ်တော့တဲ့ ဆေးရုံဖြစ်တာကြောင့် ပြည်သူထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို မကြာခဏဆို သလို လေကြောင်းနဲ့ တိုက်ခိုက်နေပြီး နိုဝင်ဘာ ၄ ရက်ကလည်း တန့်ဆည်မြို့နယ်၊ ဇီးပေါက်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် တိရိစ္ဆာန်တချို့သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။
ခုလိုစစ်တပ်ရဲ့ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ပြည်သူတွေ သေဆုံးမှုတွေရှိနေပြီး မုံရွာ၊ မြင်းမူ စတဲ့မြို့နယ်တွေအပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာလည်း ဒေသတွင်း လူထုသပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတွေပူးပေါင်းကာ စစ်ကောင်စီကို လေယာဥ်ဆီဖြတ်တောက်ပေးဖို့ တောင်းဆို လုပ်ရှားမှုတွေလည်း လုပ်ဆောင်လျှက်ရှိနေပါတယ်။
ပုံစာ (၁) - လေကြောင်းတိုက်ခိုက်ခံရသည့် မော်လူး တိုက်နယ်ဆေးရုံ။
ပုံစာ (၂) - လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ပုလဲမြို့နယ်၊ ယောအိုင်းမရွာမှ ဒေသခံများနှင့် အဆောက်အဦပျက်စီးမှုများ။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ပုလဲ #ဖောင်းပြင် #မော်လူး #လေကြောင်းတိုက်ခိုက်
Share Share Share