တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကား ၂ စီး မိုင်းဆွဲခံရပြီး ၁၇ ဦးသေဆုံး ကျည်နဲ့ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကား ၂ စီးကို ကန်တော်ရွာအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တပ်မ ၁၀၁ ကနေ ထွက်လာတဲ့ အင်အား ၇၀ ဝန်းကျင်ပါတဲ့ စစ်ကား ၂ စီးဟာ ဩဂုတ် ၄ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မြိုင်မြို့နဲ့ ၁ မိုင်ကျော်အကွာက ကန်တော်ရွာအနီးမှာ ဖျက်အားပြင်း မိုင်း ၁ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။ 

" ကားပေါ်မှာ တော်တော်များများကို သေတယ်။ မိုင်းဆွဲတာက ၂ စီးလုံးဆွဲတာ မဟုတ်ဘူး။ ရှေ့ကကားပဲ ဆွဲလိုက်တာ။ နောက်အစီးက အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကောက်ပြီး ဟိုပစ်ဒီခတ် လုပ်ကြတယ်။ ကားကတော့ မြေခသွားတာပေါ့။" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။ 

မြိုင်ပကဖက ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာ မိုင်းဆွဲလိုက်တဲ့အချိန် ပထမကားကို မိုင်းထိမှန်ကာ လမ်းဘေးထိုးရပ်သွားပါတယ်။ အဲဒီကားပေါ်မှာ စစ်ကောင်စီတပ်သား ၃၆ ဦးဝန်းကျင်လိုက်ပါကာ ၁၇ ဦးသေဆုံးပြီး ၁၆ ဦးလောက်က ဒဏ်ရာပြင်းထန်တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။ 

အဆိုပါ စစ်ကား ၂ စီးပေါ်မှာ ခလရ ၂၅၁၊ ခလရ ၂၅၃ က စစ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကာကွယ်ရေးအဖွဲ့တွေ ဩဂုတ် ၅ ရက်မှာ နယ်မြေရှင်းလင်းရေးလုပ်စဉ် ကာဘိုင်ကျည်အိမ် ၁ ခု၊ ကာဘိုင်ကျည် ၁၆ တောင့်၊ MG 1 လက်ပစ်ဗုံး ၂ လုံး၊ G3 ကျည် ၄ တောင့်၊ ၅.၅၆ ကျည် ၇ တောင့်၊ Equipment ၁ ခု၊ ဂွရှင် (၁) ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်က ဦးဆောင်ကာ Young Force UG၊ Black Cobra၊ PKU Thu Rain TR တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#တပ်မ၁၀၁ #စစ်ကား #မိုင်းဆွဲ #တိုက်ပွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10