တပ်မ ၈၈ တပ်တွေ လိုင်ဇာမှာပိတ်မိနေလို့ မကွေးမြို့က နောက်တန်းတပ်ရင်းတွေကို တနေကုန်ပရိတ်၊ ပဌာန်းရွတ်ဆုတောင်းခိုင်း

တပ်မ ၈၈ တပ်တွေ လိုင်ဇာမှာပိတ်မိနေလို့ မကွေးမြို့က နောက်တန်းတပ်ရင်းတွေကို တနေကုန်ပရိတ်၊ ပဌာန်းရွတ်ဆုတောင်းခိုင်း

မကွေးမြို့အခြေစိုက် အမှတ် ၈၈ ခြေမြန်တပ်မဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်းတွေက စစ်ကောင်စီတပ်မိသားစုဝင်တွေ တနေကုန်ပရိတ်၊ ပဌာန်းရွတ်ဆုတောင်းနေရတယ်လို့ တပ်မ ၈၈ နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ် KIA ရဲ့ ၀၃၀၇ စစ်ဆင်ရေးစတင်ပြီးနောက် လိုင်ဇာမှာ တိုက်ပွဲတွေပြင်းထန်နေပြီး တပ်မ ၈၈ နဲ့လက်အောက်တပ်တွေထိုင်ထားတဲ့ တပ်စခန်းတွေ ဆက်တိုက်ဆိုသလို သိမ်းပိုက်ခံနေရတာပါ။

“ သူတို့တပ်မ(၈၈)က တပ်တွေ လိုင်ဇာကနေ ဆုတ်ပေးရင်းပိတ်မိနေလို့တဲ့ တပ်မိသားစုတွေကို အကုန်ဓမ္မာရုံထဲမှာ တနေကုန်ဝတ်ရွတ်ဆုတောင်းခိုင်းနေတာ။ အသေအပျောက်တွေလည်း ရှိမယ်ထင်တယ်” လို့ တပ်မ ၈၈ နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

မကွေးမြို့ပေါ်မှာ တပ်မ ၈၈ ဌာနချုပ်နဲ့ ခမရ ၃၀၁ ၊ ၃၁၇ စတဲ့ တပ်ရင်းတွေတည်ရှိတာဖြစ်ပြီး အဲ့ဒီတပ်တွေမှာ ပရိတ်၊ ပဌာန်းတွေရွတ်ကာ ဆုတောင်းနေကြတာလို့ သိရပါတယ်။

တပ်မ ၈၈ နဲ့လက်အောက်ခံတပ်တွေဟာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးတပ်စခန်းတွေမှာ တိုက်ခိုက်ရေးဝင်ရောက်နေရတာ ၂ နှစ်နီးပါးခန့်ရှိပြီ ဖြစ်ပြီး တပ်မမှူးက ဗိုလ်မှူးချုပ် အောင်ဟိန်းဝင်း ဖြစ်ပါတယ်။

KIA နဲ့ပူးပေါင်းတပ်တွေရဲ့ ၀၃၀၇ စစ်ဆင်ရေးအတွင်း ယမန်နေ့အထိ လိုင်ဇာဒေသတဝိုက်ရှိတပ်စခန်း အားလုံးနီးပါးကို သိမ်းပိုက်ထားနိုင်ကြောင်း မြေပြင်တပ်ဖွဲ့တွေနဲ့နီးစပ်သူတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ၎င်းတို့စစ်တပ်အရေးနိမ့်ချိန်တွေမှာ သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့တွေကို ယတြာချေခိုင်းတာတွေ ညွှန်ကြားလုပ်ဆောင်လေ့ရှိပြီး ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ နိုဝင်ဘာလအတွင်းမှာလည်း မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ကို ၁ ရက် ၉ ခေါက်နဲ့ ၉ ရက်တိတိရွတ်ဖတ်စေပြီး မရွတ်ဖတ်မီ ကျောက်ကျော ၃ တုံး၊ ဘရာကြော် ၃ ခု နဲ့ မုန့်လုံးရေပေါ် ၃ လုံးစီထည့်ထားတဲ့ ပန်းကန် ၁၀၈ ချပ်ကို  ဘုရားထံကပ်လှူပူဇော်ခိုင်းတဲ့ ယတြာလုပ်ဆောင်ကြဖို့ ကြေးနန်းစာပို့ ညွှန်ကြားခဲ့ပါသေးတယ်။

ပုံစာ - ၂၀၂၂ နိုဝင်ဘာ ၂၈ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် မကွေးမြို့၊ တပ်မ ၈၈ ဌာနချုပ် ခန်းမမှာ လက်အောက်တပ်မိသားစုဝင်များအား တွေ့ဆုံစကားပြောစဉ်။

#မြေလတ်အသံ

#မကွေး #တပ်မ၈၈ #လိုင်ဇာ #KIA #စခန်းသိမ်း #တိုက်ပွဲ #ပိတ်မိနေ #ပရိတ်ရွတ်ခိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10