သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်တပ်အာဏာစသိမ်းကတည်းက ကုန်ဈေးနှုန်းတရိပ်ရိပ်မြင့်တက်လာမှုကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေရဲ့ လက်တလောအခြေအနေဟာ အိမ်ထောင်စုတစု တရက်စာ စားစရိတ်အတွက် ၁၀,၀၀၀ ကျပ်နဲ့ မလောက်တော့တဲ့ အခြေအနေဆိုက်နေပါပြီ။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က မိသားစုဝင်ငါးယောက်ရှိတဲ့ အိမ်ရှင်မတဦးက “ ၂၀၂၁ မှာ တနေ့တာ စားစရိတ် ၅,၀၀၀ လောက်ကျတယ်။ အခု ၂၀၂၄ မှာ ၁၅,၀၀၀ လောက်ကျတယ်။” လို့ ဆိုပါတယ်။
၂၀၂၄ စက်တင်ဘာမှာ မြေလတ်အသံရဲ့ စာရင်းကောက်ယူမှုအရ ပဲခူးတိုင်းထဲက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ နဲ့ ယှဉ်ရင် သုံးဆအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။
မိသားစုဝင်ပိုများတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေဟာ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ပိုခံနေရပြီး နေ့စဉ်ဈေးသွားဖို့ကိုတောင် ချင့်ချိန်စဉ်းစားနေရပါပြီ။
“နေ့တိုင်းမသွားတော့ဘူး။ ဈေးတခါသွားရင် ၃၀,၀၀၀ လည်း မလောက်။ အရင်ကဆို ကြက်သား ၂,၀၀၀ ဆို မနက်နဲ့ည စားလို့ရတယ်လေ။ အခုက ၃,၀၀၀ ဖိုးဝယ်လည်း တနပ်စာပဲရတော့တယ်။” လို့ မိသားစုဝင်ခုနှစ်ယောက်ရှိတဲ့ ပဲခူးတိုင်း၊ ပြည်မြို့နယ်က အမျိုးသမီးတဦးက ပြောပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့တွက်ချက်အမှုအရ ၂၀၂၂ ဇွန်ကနေ ၂၀၂၃ ဇွန်အထိ ၁၂ လတာကာလအတွင်း မြန်မာနိုင်ငံ စားသုံးကုန်ပစ္စည်းတန်ဖိုးဟာ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
ဒါပေမဲ့ လူတဦးချင်စီရဲ့ ဝင်ငွေကတော့ တိုးမလာဘဲ ပိုမိုလျော့ကျသွားတဲ့အပြင် အလုပ်အကိုင် ရှားပါးပြီး အလုပ်လက်မဲ့နှုန်းလည်း တိုးလာခဲ့ပါတယ်။
အလုပ်လက်မဲ့နှုန်းက စစ်အာဏာသိမ်းထားတဲ့ကာလအတွင်း သုံးဆလောက်တက်လာခဲ့တယ်လို့ နိုင်ငံတကာ စီးပွားရေးအညွှန်းကိန်းတွေ ထုတ်ပြန်လေ့ရှိတဲ့ Trading Economics အဖွဲ့က သုံးသပ်ထားပါတယ်။
ဝင်ငွေနဲ့ ကုန်ဈေးနှုန်း ကွာဟမှု
စက်ရုံအလုပ်သမားတွေ၊ ဝန်ထမ်းတွေနဲ့ ပင်စင်စားတွေဟာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ အချိုးညီ လစာတိုးမရဘဲ ရတဲ့ဝင်ငွေနဲ့ ချွေတာစားသောက်နေကြရပါတယ်။
စစ်ကောင်စီက သူ့ရဲ့ဝန်ထမ်းတွေနဲ့ ပင်စင်စားတွေကို ဒီနေ့အထိ လုံလောက်တဲ့ လစာတိုးမပေးသေးဘဲ စားဝတ်နေရေး သက်သာချောင်ချိရေးဆိုပြီး ၂၀၂၃ အောက်တိုဘာကစပြီး ထောက်ပံ့ကြေး ၃၀,၀၀၀ ကျပ် ပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၄ ဩဂုတ်မှာ နောက်ထပ်ထောက်ပံ့ကြေး ၃၀,၀၀၀ ကျပ် ထပ်တိုးပေးခဲ့တဲ့အတွက် စုစုပေါင်း ၆၀,၀၀၀ ကျပ်သာ ရရှိခဲ့ပါတယ်။
ထောက်ပံ့ကြေးတိုးလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေက တိုးသထက်သာ တိုးလိုက်လာပါတယ်။
လှိုင်သာယာစက်မှုဇုန်က စက်ရုံလုပ်သားတယောက်ဟာ ရက်မှန်ကြေး၊ အချိန်ပိုကြေး၊ ထောက်ပံ့ကြေး၊ လစာ စတဲ့ အခကြေးငွေတွေကို စုပေါင်းမယ်ဆိုရင် အနည်းဆုံးတလဝင်ငွေဟာ ၃၀၀,၀၀၀ ကျပ်နီးပါးရှိပါတယ်။ ဒါကြောင့် သူ့ရဲ့ တရက် ဝင်ငွေဟာ ကျပ် ၁၀,၀၀၀ နီးပါးရတာပါ။
ဒါပေမဲ့ အလယ်အလတ်တန်းစားဆန် ၂၄ ပြည် တအိတ်ကို ၁၆၀,၀၀၀ ကျပ်၊ တပြည်ကို ၆,၅၀၀ ကျပ်ဖြစ်တာ ကြောင့် တရက်ဝင်ငွေ ကျပ် ၁၀,၀၀၀ ရရှိတဲ့ စက်ရုံလုပ်သားတယောက်အတွက် ဆန်ဖိုးနုတ်လိုက်ပါက တခြားအိမ်သုံးစရိတ်တွေကို သုံးစွဲရန်မှာ ၃,၀၀၀ ကျပ်ကျော်သာ ကျန်ရှိတော့မှာဖြစ်ပါတယ်။
အသုံးမကျတဲ့ စစ်ကောင်စီရဲ့ ကုန်ဈေးနှုန်းထိန်းချုပ်ရေး
စစ်ကောင်စီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေတဆင့် ဌာနပေါင်းစုံပါတဲ့ ကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီကို ၂၀၂၃ ဇွန်မှာဖွဲ့ပြီး တရိပ်ရိပ်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါသေးတယ်။
ဒီကော်မတီက အရင်ဆုံးလုပ်တာက ဆန်နဲ့ စားသုံးဆီကို ဈေးကွက်ပေါက်ဈေးထက်နည်းတဲ့ နှုန်းထားသတ် မှတ်ပြီး ဆန်စပါးအသင်းချုပ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စတဲ့အသင်းတွေကနေတဆင့် ဝယ်ယူသူတွေဆီ တိုက်ရိုက်ရောင်းစေတာပါ။ ဒီကော်မတီရဲ့ လုပ်ရပ်က လက်တွေ့မှာ အလုပ်မဖြစ်ပါဘူး။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ထုတ်ပြန်ချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တနိုင်ငံလုံးက ဆန်စက်၊ ဆန်ဆိုင်၊ ဆန်ပွဲရုံတွေမှာ ရောင်းချပေးလျက်ရှိတယ်လို့ စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့လည်း ကုန်စည်ဒိုင်နဲ့ ရပ်ကွက်တချို့မှာပဲ ရောင်းတာနဲ့ လူတယောက်ကို ခွဲတမ်းအကန့်အသတ်နဲ့ ရောင်းတာကြောင့် အများပြည်သူလက်လှမ်းမမီဖြစ်နေပါတယ်။
ဒါ့အပြင် ကုန်ဈေးနှုန်းတွေကျဆင်းအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စစ်ကောင်စီဟာ အရင်စစ်အာဏာရှင်တွေ လုပ်ခဲ့တဲ့အတိုင်း စီးပွားရေးလုပ်ငန်းရှင်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပါတယ်။
၂၀၂၄ ဇွန်လလယ်မှာဆိုရင် ဆန်စပါးအသင်းချုပ်ရဲ့ သတ်မှတ်နှုန်းထားထက် ဈေးတင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆန်စက်ပိုင်ရှင်၊ ဆန်ကုန်သည်တချို့နဲ့ ဆိုင်ပိုင်ရှင်တွေကို စတင်စစ်ဆေးဖမ်းဆီးအရေးယူခဲ့ပါတယ်။
ဂျပန်လုပ်ငန်းစုပိုင် Aeon Orange ဆိုင်ရဲ့ အမှုဆောင် ဂျပန်နိုင်ငံသားတဦးလည်း သတ်မှတ်ဆန်ဈေးနှုန်းထက် တင်ရောင်းမှုဆိုတဲ့စွဲချက်နဲ့ တလကျော်ကြာ ဖမ်းဆီးခံခဲ့ရပါတယ်။
စားသုံးဆီကိုလည်း ဈေးကွက်ထဲမှာ အမြတ် ၁၀ ရာခိုင်နှုန်းထက်မပိုတဲ့ ဈေးနှုန်းနဲ့ ရောင်းချဖို့ ကော်မတီဖွဲ့စက ကြီးကြပ်သွားမယ်လို့ ဆိုခဲ့ပေမယ့် လက်တွေ့မှာ စားသုံးဆီဈေးနှုန်းဟာ ပိုလို့သာမြင့်တက်လာခဲ့ပါတယ်။
မင်းအောင်လှိုင်က ၂၀၂၄ ဇူလိုင်မှာ လက်ရှိအခြေအနေအရ သမဝါယမစနစ်က အသင့်တော်ဆုံးဖြစ်တယ်လို့ ပြောလိုက်ပြီးနောက်မှာတော့ ပြည်သူတွေဟာ ဈေးကွက်ပေါက်ဈေးထက် သက်သာတဲ့နှုန်းနဲ့ ဆီဝယ်ခွင့်ရဖို့ အရေး စာရွက်စာတမ်းတွေလုပ်ရပြီး တိုးဝှေ့ရပါတော့တယ်။
ဆီဝယ်ချင်သူတွေဟာ အရင်ဆုံး ရပ်ကွက်ရုံးတွေကနေ ထုတ်ပေးတဲ့ စားသုံးဆီဝယ်ခွင့်စာအုပ် တအုပ် ၂,၀၀၀ ကျပ်နဲ့ ထုတ်ယူရပါတယ်။
အဲဒီနောက် ဆီဆိုင်တွေမှာ စစ်ကောင်စီသတ်မှတ်ထားတဲ့ စားအုန်းဆီတပိဿာ ကျပ် ၇,၀၀၀ ဈေးနဲ့ အိမ်ထောင်စုတစုအတွက် ခွဲတမ်း ၅၀ ကျပ်သား ရဖို့ကို ပြည်သူတွေဟာ တန်းစီဝယ်ကြရပါတယ်။ ဆီကုန်သွားရင်လည်း အချိန်အကြာကြီး တန်းစီနေရာကနေ အိမ်လှည့်ပြန်ရလေ့ရှိပါတယ်။
အာဏာသိမ်းထားတဲ့ကာလအတွင်း မြန်မာကျပ်ငွေအဆမတန်ဖောင်းပွလာမှုကလည်း ဝင်ငွေမတိုးတဲ့ပြည်သူတွေကို အထိနာစေပါတယ်။
အာဏာမသိမ်းမီက အမေရိကန် တဒေါ်လာကို ၁,၃၀၀ ကျပ်သာရှိခဲ့ရာကနေ အာဏာသိမ်းကာလ သုံးနှစ်မြောက်မှာတော့ ၆,၀၀၀ ကျပ်နီးပါးအထိ စံချိန်တင် ကျပ်တန်ဖိုးကျသွားခဲ့ပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုရေးအစီအစဉ် (UNDP) ရဲ့ ၂၀၂၄ ဇွန်လထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက လူပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုထားပါတယ်။
ISP Myanmar ရဲ့ ၂၀၂၄ စက်တင်ဘာထုတ် စစ်တမ်းတွေ့ရှိချက်မှာ မြို့နယ် ၁၁၀ မှ စစ်တမ်းဖြေဆိုသူ အယောက် ၁,၀၀၀ မှာ ၄၀ ရာခိုင်နှုန်းက အခြေခံစားသောက်ကုန်ဝယ်ယူရာမှာ အခက်အခဲကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီထဲမှာ ကုန်ပစ္စည်းပြတ်လပ်ခြင်း၊ ငွေကြေးမရှိခြင်း၊ စစ်ရေးပဋိပက္ခဖြစ်နေခြင်းနဲ့ ကုန်ဈေးနှုန်းတက်ခြင်းကြောင့် အခက်အခဲကြုံရတာအများဆုံးဖြစ်ပြီး ဖြေရှင်းနည်းအဖြစ် ဈေးသက်သာတဲ့ အစားအစာတွေကို ဝယ်စားတာနဲ့ ထမင်းတနပ်လျှော့စားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဝင်ငွေမတိုးဘဲ ကုန်ဈေးနှုန်းတက်ပြီးရင်း တက်နေတဲ့ဒဏ်ကို အလူးအလဲခံနေရတဲ့ စစ်ကောင်စီထိန်းချုပ်ထားရာ ပြည်မြို့နယ်က အိမ်ရှင်မတဦးကတော့ ခုလိုညည်းတွားပါတယ်။
“ဒုက္ခတွင်းက နက်သထက်နက်လာပြီ။ ဘယ်လိုတွေပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီအချိန်တွေ အမြန်ကုန်ဆုံးချင်ပါပြီ။”
#မြေလတ်အသံ
#ဆောင်းပါး #သုံးသပ်ချက်ဆောင်းပါး #ကုန်ဈေးနှုန်း #လစာ #စစ်ကောင်စီ
Share Share Share