တရွာတည်းသားက ၇ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ခဲ့     ■ မောင်ဖြစ်သူကိုပါသတ်ခဲ့ပေမယ့် မသေဘဲ ပြန်ပြောပြလို့ ကျူးလွန်သူကိုဖမ်းမိ

တရွာတည်းသားက ၇ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်သတ်ခဲ့  ■ မောင်ဖြစ်သူကိုပါသတ်ခဲ့ပေမယ့် မသေဘဲ ပြန်ပြောပြလို့ ကျူးလွန်သူကိုဖမ်းမိ

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မိုင် ၄၀ ကျေးရွာမှာ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရပြီး ၅ နှစ်အရွယ်မောင်ဖြစ်သူလည်း အသက်အန္တရာယ်နဲ့ ကြုံခဲ့ရပါတယ်။

အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းမှာ မောင်နှမ ၂ ယောက်တည်း ကျေးရွာအနီးက လယ်တဲမှာရှိနေချိန် အိမ်မှာဝင်ထွက်နေကျ ၁၆ နှစ်အရွယ် တရွာတည်းသားရောက်လာပြီး မောင်နှမ ၂ ယောက်စလုံးကို ကျေးရွာ ချောင်းတဖက်ကမ်းက တောထဲကိုခေါ်သွားခဲ့ပါတယ်။

"တော်တော်ဝေးဝေးလံလံကို ခေါ်သွားပြီးတော့ ကောင်မလေးကို Rape(အဓမ္မပြုကျင့်) လုပ်တယ်ပေါ့နော်။ Rape လုပ်ပြီး ရုန်းတော့ လည်ပင်းညှစ်တယ်ပေါ့။ လည်ပင်းညှစ်တော့ ဟိုကရုန်းတော့ သေသွားတယ်ပေါ့။ ရုန်းရင်းကန်ရင်းနဲ့ ခေါင်းနဲ့ အောက်က အမာတွေဘာတွေနဲ့ဆိုတော့ ထုရိုက်ပြီးတော့ သတ်ပစ်တာပေါ့ဗျာ။" လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

အစ်မဖြစ်သူ သေဆုံးသွားပြီးတဲ့နောက်မှာ ၅ နှစ်အရွယ်မောင်ဖြစ်သူကိုလည်း သူ့မှာပါလာတဲ့ ဓါးနဲ့ထုရိုက်လိုက်တဲ့အတွက် မေ့မျောသွားချိန်မှာ သေပြီအထင်နဲ့ ထားခဲ့လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပုံစာ - ဓါးနှင့်ထုရိုက်ခံရပြီး ဒဏ်ရာရသွားသည့် ၅ နှစ်အရွယ်မောင်ဖြစ်သူ။
ပုံစာ - ဓါးနှင့်ထုရိုက်ခံရပြီး ဒဏ်ရာရသွားသည့် ၅ နှစ်အရွယ်မောင်ဖြစ်သူ။

" ကံကောင်းချင်တော့ ကလေးက မသေဘူး " လို့ ဆက်ပြောပါတယ်။

သတိပြန်ရလာချိန်မှာ ညပိုင်းဖြစ်နေသလို တောင်ကျချောင်းရေတွေကလည်းရှိနေတာကြောင့် အဲ့ဒီနေ့ ၁ ညလုံး ၅နှစ်အရွယ်ကလေးက ဒဏ်ရာတွေနဲ့ သစ်တုံးတခုပေါ်မှာထိုင်နေခဲ့ရကြောင်း ကလေးက ပြန်ပြောပြတယ်လို့ ဆိုပါတယ်။

နောက်တနေ့ အောက်တိုဘာ ၁၆ ရက်မနက်မှာတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ၅ နှစ်အရွယ်ကလေးကို တောထဲမှာ ကျေးရွာသားတွေက ပြန်တွေ့ခဲ့ပြီး အိမ်ပြန်ခေါ်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

" ၅ နှစ်သားလေးကို မေးတာပေါ့နော် မမ ဘယ်နားမှာတုန်းဆိုတော့ သူက ဖြေတယ်လေ၊ အကုန်ပြန်ပြောပြနိုင်တယ်လေ၊ အဲ့ကလေးကပဲ လိုက်ပြတာ။" လို့ ဆိုပါတယ်။

ကလေးရဲ့ ပြောပြချက်အရ ကလေးနဲ့အတူ ဒေသခံတွေနဲ့ ပရဟိတအသင်းတွေက အခင်းဖြစ်တဲ့နေရာမှာ ၇ နှစ်အရွယ်မိန်းကလေးရဲ့ အလောင်းကို ပြန်သွားယူခဲ့ကြရတယ်လို့ ဆိုပါတယ်။

"ကလေးသေသွားရင်လည်း ဒီကိစ္စက အဲ့ကောင်လို့ ထင်မှာမဟုတ်ဘူး။ တရားခံဘယ်သူမှန်းတောင် သိမှာ မဟုတ်ဘူး။" 

အဓမ္မပြုကျင့်ခံရပြီး သေဆုံးသွားတဲ့ မိန်းကလေးငယ်ရဲ့ခန္ဓာကိုယ်မှာ လည်ပင်းအညိုမဲစွဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပွန်းပဲ့ဒဏ်ရာ၊ မိန်းမကိုယ် ပွန်းပဲ့ဒဏ်ရာတွေရထားတယ်လို့ သိရပါတယ်။ 

မောင်ဖြစ်သူမှာတော့ နဖူးကွဲ၊ လည်ပင်းအညိုအမည်းစွဲ ဒဏ်ရာတွေရထားတာကြောင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသနေရပြီး ဒဏ်ရာသက်သာတယ်လို့ ဆိုပါတယ်။ 

သေဆုံးသွားတဲ့မိန်းကလေးငယ်ရဲ့အလောင်းကိုတော့ ဆွာဆေးရုံမှာစစ်ဆေးပြီးနောက် အောက်တိုဘာ ၁၇ ရက်က မိုင် ၄၀ ကျေးရွာမှာ သင်္ဂြိုဟ်ခဲ့ပြီး ပြစ်မှုကျူးလွန်တယ်သူလူငယ်ကို အောက်တိုဘာ ၁၆ ရက်မှာပဲ ရဲက နေအိမ်ကနေ လာဖမ်းသွားပြီး သာဂရရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုထဲက ကျေးရွာ ၁ ရွာမှာ မွေးစားဖခင်က အသက် ၅ နှစ်အရွယ် မွေးစားသမီးကို အဓမ္မပြုကျင့်၊ ညှင်းပန်းနှိပ်စက်မှုပြုလုပ်ခဲ့လို့ ဖမ်းဆီးခံရပြီး တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

စာတည်း - ဈာန်မြင့် 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #သက်ငယ်မုဒိန်း #သတ်ဖြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10