တလအတွင်း စစ်ကိုင်းနဲ့ မကွေးမှာ မြို့၃ မြို့နဲ့ စခန်း ၁၁ ခု စစ်ကောင်စီ ဆုံးရှုံး

တလအတွင်း စစ်ကိုင်းနဲ့ မကွေးမှာ မြို့၃ မြို့နဲ့ စခန်း ၁၁ ခု စစ်ကောင်စီ ဆုံးရှုံး

နိုဝင်ဘာ ၆ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ တလတာအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း မြို့ ၃ မြို့နဲ့ စခန်း ၁၁ ခုကို စစ်ကောင်စီ ဆုံးရှုံးထားပါတယ်။ 

 

• ကောလင်း

စစ်ကိုင်းတိုင်းအတွင်းက ခရိုင်မြို့တမြို့ဖြစ်တဲ့ ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စတင်သိမ်းယူနိုင်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို လွှင့်ထူခဲ့ပါတယ်။  

ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်က ငွေကျပ်သန်းပေါင်း ၉၅၀ ကျော်နဲ့ ပုဂ္ဂလိကဘဏ်တွေကနေ ငွေကျပ်သန်းပေါင်း ၄၄,၅၀၀ ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်က သိမ်းခဲ့ပြီး ကောလင်းမြို့မရဲစခန်းမှာ မတရားအဖမ်းခံထားရသူ ၆၃ ဦးကိုလည်း လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် ပြည်သူ့အုပ်ချုပ်ရေးကို စတင်နေပြီလို့ တလနီးပါးအကြာ ဒီဇင်ဘာ ၃ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။ 

လတ်တလောမှာ စစ်ကောင်စီက ကောလင်းမြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ လုပ်ဆောင်နေပြီး ကောလင်းမြို့နဲ့ ဝန်းသိုမြို့အကြားရှိ ခမရ ၁၂၀ တပ်ရင်းကို နိုဝင်ဘာလ ဒုတိယအပတ်ကစတင်ကာ ရဟတ်ယာဉ်နဲ့ လူအင်အားပို့ဆောင်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

 

• ခမ်းပတ် 

စစ်ကိုင်းတိုင်း၊ အိန္ဒိယနယ်စပ် တမူးမြို့နယ်ထဲက ခမ်းပတ်မြို့ကို PDF ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက်ကစတင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက နိုဝင်ဘာ ၄ ရက်အထိ လေကြောင်းနဲ့ ခုခံတိုက်ခိုက်ခဲ့ပါတယ်။ 

၅ ရက်မြောက်နေ့ နိုဝင်ဘာ ၇ ရက်မှာ မြို့မရဲစခန်းထဲကနေ စစ်ကောင်စီနဲ့ ရဲတပ်သားတွေ ထွက်ပြေးသွားခဲ့ရာ တမြို့လုံးကို သိမ်းပိုက်ရရှိခဲ့ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရက  နိုဝင်ဘာ ၇ မှာ ခမ်းပတ်မြို့ကို အမှတ်(၁)စစ်ဒေသ၊ တမူးခရိုင်ကွပ်ကဲမှုအစီအစဥ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

 

• ရွှေပြည်အေး 

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက  နိုဝင်ဘာ ၂၁ ရက်နဲ့   ၂၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်အောင်မြင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက နိုဝင်ဘာ ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။ 

မြို့သိမ်းပြီးနောက်မှာတော့ ရွှေပြည်အေးမြို့အနီးကို စစ်ကောင်စီတပ်က ချင်းတွင်းမြစ်တဖက်ကမ်းကနေ လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်နေတယ်လို့ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။  

လတ်တလောမှာ ရွှေပြည်အေးမြို့ မြောက်ဘက် မိုင် ၂၀ ကျော်အကွာက ဟုမ္မလင်းမြို့နယ်ကို ဆက်သိမ်းနိုင်ဖို့ကိုလည်း  ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ 

ယနေ့အထိ အထက်ပါ မြို့၃ မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း ၁၁ ခုကိုလည်း သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 

တချို့သော စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေမှာတော့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်မတိုက်မီကပင် စခန်းကို ကြိုတင်စွန့်ခွာထွက်ပြေးတာ၊ လက်နက်ချ အညံ့ခံတာနဲ့ စစ်ကူရောက်မလာလို့ အချိန်တိုအတွင်း စခန်းသိမ်းခံရတာတွေ ဖြစ်နေပါတယ်။  

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #စစ်ကိုင်း #မကွေး #စခန်း #စစ်ကောင်စီ #ဆုံးရှုံး #ကောလင်း #ခမ်းပတ် #ရွှေပြည်အေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10