တိုက်ပွဲကြားက စွန့်ပစ်ခံဘိုးဘွားတွေရဲ့ နားခိုရာ (ရုပ်/သံ)

သား/သမီးကျောထောက်နောက်ခံ မရှိဘဲ စွန့်ပစ်ခံရတဲ့ အဘိုးအဘွားတွေအပါအဝင် သားသမီးတွေရှိပြီး အကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက်မှုမပေးနိုင်တဲ့ ဆားလင်းကြီးနယ်ထဲက ရောက်လာကြတဲ့ အသက်အရွယ် ၇၀ ကျော် နာတာရှည် ဝေဒနာရှင်တွေကို စစ်ကိုင်းနယ်ဘက်မှာ ရှင်ချမ်းဘိုးဘွားစောင့်ရှောက်ရေးက ခေါ်ယူစောင့်ရှောက်ပေးနေတာပါ။

ဘိုးဘွား ဦးရေ ၂၀ ကျော်က လမ်းမလျှောက်နိုင်ဘဲ နာတာရှည် ရောဂါသည်တွေ ဖြစ်ကြသလို အဲ့ဒီအထဲမှာ AIDS ရောဂါဝေဒနာရှင် တဦးလည်း ရှိတယ်လို့ သိရပါတယ်။ 

စွန့်ပစ်ခံ အဘိုးအဘွားတွေကို ရှင်ချမ်းဘိုးဘွားစောင့်ရှောက်ရေးအဖွဲ့ အမျိုးသမီး ၁၂ ယောက်က တနေ့တာ ဝေယျာဝစ္စတွေ လုပ်ကိုင်ရင်းချက်ပြုတ်ကျွေးမွေးနေတယ်လို့ စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံဆရာမက ပြောပါတယ်။

ရှင်ချမ်းဘိုးဘွားစောင့်ရှောက်ရေး အဖွဲ့ဟာ စစ်ကိုင်းမြို့မှာ ၂၀၂၂ အောက်တိုဘာလမှာ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး မငြိမ်မသက်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းထဲက စွန့်ပစ်ခံနေရတဲ့ နာတာရှည်ရောဂါသည် သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

တနှစ်ကျော်ကာလဖြစ်တဲ့ ၂၀၂၃ခုနှစ်ထဲမှာတော့ အလှူရှင်မရှိတဲ့အတွက် ဘိုးဘွားတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်မှုတွေ ရှိလာနေပြီး ဆေးဝါးအတွက် အခက်အခဲတွေ ပိုပြီးကြုံနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဆားလင်းကြီးနယ်ထဲမှာ စစ်အုပ်စုက စစ်ကြောင်းထိုး တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန် အဲ့ဒီအဘိုးအဘွားတွေဟာ စစ်ရှောင်စခန်းတွေဆီ မရောက်နိုင်ကြပါဘူး။ 

အများစုက စွန့်ပစ်ခံထားရတဲ့ သူတွေဖြစ်ကြပြီး စစ်ကိုင်းနယ်ထဲက ရှင်ချမ်းဘိုးဘွားစောင့်ရှောက်ရေးအဖွဲ့ က ခေါ်ယူပြုစုကျွေးမွေးပေးနေတာ အခုဆိုရင် တနှစ်ကျော်ရှိလာနေပြီဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #စွန့်ပစ်ခံဘိုးဘွား #အကူညီလိုအပ် #အစားအစာ #ဆေးဝါး #နာတာရှည်ရောဂါ  #ရှင်ချမ်းဘိုးဘွားရိပ်သာ #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10