တိုက်ပွဲပြန် PDF တွေကို ကြိုဆိုနေချိန် မြစ်ခြေမြို့မရဲစခန်းက လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးဒဏ်ရာရ(ရုပ်/သံ)

မကွေးတိုင်း၊ မြစ်ခြေမြို့ပေါ်တနေရာတွင် တိုက်ပွဲက ပြန်လာတဲ့ PDF တွေကို ပြည်သူတွေကြိုဆိုနေချိန် မြစ်ခြေ မြို့မရဲစခန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အရာတော်မြို့နယ်ဘက်က စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်ပြီးပြန်လာတဲ့ PDF တွေကို ဇူလိုင် ၂၉ ရက် မနက် ၈ နာရီကျော်မှာ မြစ်ခြေမြို့ခံပြည်သူတွေက သပြေပန်းတွေနဲ့ ကြိုဆိုနေချိန် မြစ်ခြေမြို့မရဲစခန်းထဲကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"ပြည်သူတွေက ဝိုင်းကြိုတာကို သတင်းပေးတဲ့သူတယောက်ရှိလို့ အပစ်ခံရတာလို့ ယူဆတယ်" လို့ မြစ်ခြေမြို့ခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒဏ်ရာရရှိသူတွေမှာ အသက် ၂၀ နဲ့ ၅၀ ကျော်အရွယ်ရှိကြတဲ့ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးတို့ဖြစ်ကြပြီး သူတို့ကို PDF တွေက ဆေးကုသမှုပေးထားကြောင့် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ မြို့ခံအမျိုးသားက ဆိုပါတယ်။

ပခုက္ကူမြို့နယ် PDF ရဲဘော်အမျိုးသမီးတဦးကတော့ အောင်ပွဲနဲ့ ပြန်လာတဲ့ PDF တွေကို မြစ်ခြေမြို့ခံပြည်သူလူထုက ကြိုဆိုနေတာကို စစ်ကောင်စီတွေက သတင်းရပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ အတည်ပြုပြောဆိုပါတယ်။

"ပြည်သူတွေကတော့ ထိခိုက်မှု သိပ်မရှိဘူး။ အသေအပျောက်လည်း မရှိဘူး" လို့ သူက ဆိုပါတယ်။

မြစ်ခြေမြို့ပေါ်တွင် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲတွေအနေနဲ့ မြို့သစ်ရပ်ကွက်မှာရှိတဲ့ မြစ်ခြေမြို့မရဲစခန်း တနေရာတည်းမှာသာ တပ်စွဲထားမှုရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲဒီမြို့မရဲစခန်းထဲမှလည်း ည ၆ နာရီ ကျော်အချိန်မှာ လက်နက်ငယ်ပစ်ခတ်သံတွေ မိနစ် ၂၀ ခန့်ကြာ ဆက်တိုက်ထွက်ပေါ်ခဲ့တယ်လို့ သိပါတယ်။

စာတည်း-လင်းဇေ

တည်းဖြတ်- HP

#မြေလတ်အသံ

#မကွေးတိုင်း #မြစ်ခြေမြို့ #PDF #မြို့မရဲစခန်း #ပြည်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10