တိုက်ပွဲမှာထိခိုက်သေဆုံးများတဲ့ စစ်ကောင်စီက နေအိမ် ၁၇၀ ကျော် မီးရှို့သွား (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကင်းရွာအနီးမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးများတာကြောင့် ကျေးရွာကို မီးရှို့လို့ နေအိမ် ၁၇၀ ကျော်မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၁၁ ရက်နေ့ မနက် ၇ နာရီခန့်မှာ ကျောက်ဆည်လေးကျေးရွာဘက်ကနေ ကင်းရွာဘက်ကို အင်အား ၆၀ ဝန်းကျင်နဲ့ ပြန်ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာအပြင် ဒရုန်းနဲ့လည်း တိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) တာဝန်ခံ ဗိုလ်နတ်ဆိုး ကပြောပါတယ်။


မိုင်းဆွဲခံရပြီး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး အရာရှိတဦးအပါအဝင် ၁၂ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က နေအိမ်တွေကို မီးရှို့လို့ နေအိမ် ၁၇၀ ကျော်မီးလောင်ပျက်စီးသွားပြီး ဒေသခံနေအိမ်အချို့က တန်ဖိုးရှိပစ္စည်းတွေကို စစ်ကောင်စီဘက်ကို ယူဆောင်ပြီး ညပိုင်းမှာ ကင်းကျေးရွာကနေ ထွက်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ ကင်းရွာကို ဝင်လာချိန် ဒေသခံတွေဟာ ရွာလုံးကျွတ်ထွက်ပြေးသွားရပြီး ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ တချို့တဝက်ရွာကို ပြန်လာကြပြီလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)နဲ့တိုက်သိမ်း(မြေအောက်တော်လှန်ရေးတပ်ဖွဲ)၊ Mahar Revolution Force(MRF)၊ နဂါးညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မတ္တရာ)ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဧ​ပြီလ ၇ ရက်နေ့ မနက် ၁၁ နာရီခန့်မှာလည်း မတ္တရာမြို့နယ်၊ ကျောက်ဆည်လေးကျေးရွာမှာ တပ်စွဲဖို့လာတဲ့ စစ်ကောင်စီတပ် ဒရုန်း ၁၄ လုံးအပြင် မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၃ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10