တိုက်ပွဲမှာ စစ်ကောင်စီရဲ့ သေနတ်ကိုတက်ယူရင်း ရဲဘော်တဦး ခေါင်းကျည်ထိမှန် သေဆုံး ရုပ်အလောင်းပြန်မရ

တိုက်ပွဲမှာ စစ်ကောင်စီရဲ့ သေနတ်ကိုတက်ယူရင်း ရဲဘော်တဦး ခေါင်းကျည်ထိမှန် သေဆုံး ရုပ်အလောင်းပြန်မရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စံပြကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီရဲ့ သေနတ်ကို တက်ကောက်ရင်း ပြန်အဆုတ်မှာ Myingyan Black Tiger(MBT) အဖွဲ့က ရဲဘော်တဦး ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးရဲဘော်ရဲ့ ရုပ်အလောင်းကိုပြန်မရဘဲ ရဲဘော်တန်ဖိုးထားတဲ့ ယူနီဖောင်းနဲ့ ဈာပနအခမ်းအနားကို -ယနေ့ဖေဖော်ဝါရီလ ၃ ရက်မနက်က ပြုလုပ်ခဲ့ရတယ်လို့ MBT အဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲ ထံကသိရပါတယ်။ 

သေဆုံးသူဟာ အသက် ၂၃ နှစ်အရွယ် ရဲဘော်ဝိုင်းချစ်မင်း(ခ) ရဲဘော်ကုလားလေးဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှာ မြင်းခြံမြို့နယ် စံပြကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

"မနေ့ကပွဲမှာ ကျဆုံးသွားတာပေါ့၊သူကပြန်လာခဲ့ရင် သူ့ရဲဘော်တွေကိုကော ကျနော်တို့အဖွဲ့ကိုဂတိပေးတာက ဒီတိုက်ပွဲမှာ ဂန်းရအောင်ယူခဲ့မယ်ဆိုပြီး ကတိပေးသွားခဲ့တာ၊ သူ့ကတိအတိုင်း MA 1 ၁ လက်ကိုယူနိုင်ခဲ့တယ်၊ သူ့ကတိအတိုင်း ဂန်းတော့ယူလာနိုင်ခဲ့တယ်၊ဒါပေမဲ့သူတော့ ပြန်မလာနိုင်ခဲ့ဘူး၊ အလောင်းကတော့ ပြန်မရခဲ့ပါဘူး" လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

သေဆုံးခဲ့တဲ့ရဲဘော် အပါအဝင်တခြားသောရဲဘော်တွေကို လွန်ခဲ့တဲ့ တလက စစ်ရေးအရှိန်မြှင့်တင်ဖို့ MBT ဌာနချုပ်ကနေ မြင်းခြံဘက်ကိုပို့ခဲ့ပြီး ရဲဘော်ကုလားလေးရဲ့ တာဝန်မှာ ယခုတပွဲပြီးရင် ပြီးဆုံးသွားပြီး ဌာနချုပ်ကိုပြန်လာရမှာလို့ သူကဆက်ပြောပါတယ်။

"ကျနော်တို့အညာဒေသမှာက ဂန်းတွေကမကောင်းပါဘူး၊ ကျနော်တို့အဖွဲ့ဆို လက်လုပ်တွေအများစုကိုင်ရတယ်၊ ရန်သူ့စခန်းထဲကို ဂန်းဝင်ကောက်တဲ့အချိန်မှာ သူဂန်းကိုကောက်နိုင်ခဲ့တယ်၊ပြန်အဆုတ်မှာသူဦးခေါင်းထိမှန်သွားတယ်၊စစ်ကောင်စီဘက်ကတရစပ်ပစ်နေတဲ့အတွက်မို့ သူ့အလောင်းကိုဘယ်လိုမှ အဆင်မပြေခဲ့ဘူး၊"လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ရဲဘော်ကုလား ယူခဲ့တဲ့ သေနတ်နဲ့ သူကိုင်တွယ်ခဲ့တဲ့ သေနတ် စုစုပေါင်း ၂ လက်ကိုယူနိုင် ခဲ့ပြီး မဟာမိတ်ရဲဘော်တဦးလည်း ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

Myingyan Black Tiger(MBT) အဖွဲ့မှာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရင်း ရဲဘော်ဝိုင်းချစ်မင်း(ခ) ရဲဘော်ကုလားလေးအပါအဝင် ရဲဘော်တိုးနိုင် ၊ ရဲဘော်စောလေး နဲ့ ရဲဘော် ဇွဲ တို့ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံခရိုင် #MyingyanBlackTiger #စစ်ကောင်စီ #တိုက်ပွဲဖြစ်ပွား #သေဆုံးမှု #လက်နက်ကိုင်တော်လှန်ရေး #နွေဦးတော်လှန်ရေး #ဈပန #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10