တိုင်းမှူး၊ ကစထမှူးများအတွက် ချောက်ကမ်းပါး တော်လှန်စစ်နယ်မြေများ (ဆောင်းပါး)

တိုင်းမှူး၊ ကစထမှူးများအတွက် ချောက်ကမ်းပါး တော်လှန်စစ်နယ်မြေများ (ဆောင်းပါး)

မြန်မာစစ်တပ်ရဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအဆင့်တွေကနေစလို့ အကြီးတန်းစစ်အရာရှိကြီးတွေအကြားမှာ "တိုင်းမှူးဖြစ်ဖူးမှ တပ်ချုပ်ဖြစ်နိုင်မယ်" ဆိုတဲ့ ဆိုရိုးစကားတခုရှိနေပါတယ်။ 

အဓိပ္ပါယ်ကတော့ ရာနဲ့ချီတဲ့ စစ်ဗိုလ်ချုပ်တွေထဲက Area Commander လို့ ခေါ်ဆိုတဲ့ စစ်တိုင်း ၁၄ တိုင်းက စစ်ဌာနချုပ်တခုခုမှာ တိုင်းမှူးဖြစ်ခဲ့ဖူးတဲ့  စစ်ဗိုလ်ချုပ်တွေသာ အာဏာအရှိဆုံး တပ်ချုပ်ဆိုတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို အိမ်မက်မက်ခွင့်ရှိတာပါ။ 

မြန်မာစစ်တပ်မှာ ၁၉၉၀ ကစလို့ နှစ်ပေါင်း ၃၀ ကျော်အတွင်း တပ်ချုပ်ရာထူးကို စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ လက်ရှိစစ်အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂ ဦးသာ အစီအစဉ်တကျ ရယူထားတာကြောင့် တပ်ချုပ်ဖြစ်လာဖို့ရာ အခွင့်အရေးနည်းပါးပေမယ့် မက်မောစရာလည်း ဖြစ်နေပြန်ပါတယ်။

ဒီလို အမြင့်ဆုံးအာဏာရှိပြီး လုပ်ပိုင်ခွင့်လည်းအများဆုံးရှိတဲ့ တပ်ချုပ်ရာထူးကို စစ်အရာရှိချုပ်တွေနဲ့ ကစထမှူး စစ်ဗိုလ်ချုပ်ကြီးတွေကြားထဲကနေသာ ရွေးချယ်ကြတာဖြစ်ပြီး အနိမ့်ဆုံးအဖြစ် တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

တိုင်းမှူးအားလုံးကတော့ တပ်ချုပ်ရာထူးအထိ ဖြစ်နိုင်ချေနည်းပါးပေမယ့် နောက်တဆင့်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးအဆင့်ကို တက်လှမ်းနိုင်ဖို့ကတော့ တခြားသော လက်ရုံးတပ်ညွှန်ကြားရေးမှူး စစ်ဗိုလ်ချုပ်တွေထက်စာရင် စစ်တိုင်းမှူးတွေက အခွင့်အရေးပိုမိုကောင်းမွန်နေတာပါ။

လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်လည်း တပ်ချုပ်မဖြစ်ခင်က ဗိုလ်မှူးချုပ်အဆင့်နဲ့ သထုံအခြေစိုက် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ ကျိုင်းတုံ အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်အတွင်း စစ်တိုင်း ၄ ခုကိုကွပ်ကဲရတဲ့ အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး( ကစထ ၂ မှူး) စတဲ့ရာထူးတွေကို အဆင့်ဆင့် တက်လှမ်းခဲ့ပါတယ်။  အဲ့ဒီနောက်မှ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်ချုပ်ရာထူး ဆက်ခံသူအဖြစ် သူ့ကို ရွေးချယ်ခဲ့တာပါ။  

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက ဒေသအလိုက် လုပ်ပိုင်ခွင့်အာဏာအပြည့်အဝရှိတဲ့ စစ်တိုင်းမှူးရာထူးကို ဗိုလ်မှူးချုပ် အဆင့်တွေဖြစ်တဲ့ ခြေမြန်တပ်မဌာနချုပ်မှူး(တပ်မမှူး)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး(စကခမှူး)နဲ့ လေ့ကျင့်ရေးကျောင်းအုပ်ကြီးတွေက မက်မောကြတာကြောင့် တိုင်းမှူးဖြစ်ရေး ထောက်ခံပေးဖို့ကို အထက်ဗိုလ်ချုပ်ကြီးတွေဆီ အပြိုင်အဆိုင် ချဉ်းကပ်လေ့ရှိကြပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဒီအခြေအနေတွေဟာ ပြောင်းပြန်အလှန်ခံလိုက်ရသလို ဖြစ်လာခဲ့ပါပြီ။ အာဏာသိမ်းမှုကို ခုခံတွန်းလှန်တဲ့ တော်လှန်စစ်ကြောင့် စစ်ကောင်စီတပ်ဟာ တိုင်းပြည်နေရာအနှံ့ စစ်မျက်နှာတွေဖွင့်ထားလိုက်တဲ့အခါ စစ်ဆင်ရေးတွေကို ကိုင်တွယ်ရတဲ့ တိုင်းမှူး၊ တပ်မမှူးနဲ့ ကစထမှူးတွေဟာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အရင်ကလို အရသာမခံနိုင်ကြတော့ဘဲ အထက်အောက် ဖိအားတွေနဲ့သာ ဘေးကျပ်နံကျပ်ဖြစ်ကုန်ကြပါတယ်။ 

လက်ရှိကာလမှာ နယ်မြေစစ်ဆင်ရေးတွေကို အဓိက ကိုင်တွယ်ရတဲ့ စစ်တိုင်းမှူး၊ ကစထမှူးတွေ မကြာခဏဆိုသလိုဖြုတ်ချခံနေရတာကြောင့် စစ်တိုင်းမှူးနေရာဟာ ကြိုးတန်းလမ်းလျှောက်ရသလိုဖြစ်နေပြီး အစားထိုးရောက်ရှိလာမယ့် တိုင်းမှူးအသစ် စစ်ဗိုလ်ချုပ်တွေအတွက်လည်း အိမ်မက်ဆိုးတခုလိုဖြစ်နေပြီလို့ CDM အသိုင်းအဝိုင်းကပြောပါတယ်။

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်းမှာ တော်လှန်စစ်အားကောင်းတဲ့ ဒေသတွေဖြစ်တဲ့ ကချင်၊ စစ်ကိုင်း၊ ချင်း၊ မကွေး၊ ကရင်၊ မွန် စတဲ့တိုင်းနဲ့ပြည်နယ်တွေမှာ စစ်ဆင်ရေးကွပ်ကဲနေတဲ့ စစ်တိုင်းမှူး ၃ ဦးနဲ့ စစ်တိုင်းမှူးတွေရဲ့ အထက်ကနေ စစ်ဆင်ရေးကိုကွပ်ကဲနေတဲ့ ကစထမှူး ၂ ဦး ဖြုတ်ချခံခဲ့ရပါတယ်။

ဒီဖြုတ်ချခံရတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ အနားပေးခံရတာ၊ အရန်အင်အားကို အပို့ခံတာတွေအပြင် ဖမ်းဆီးထိန်းသိမ်းအရေးယူခံရတာတွေပါ ရှိခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

 

အညာမှာ အဦးဆုံး ဖြုတ်ချခံလိုက်ရတဲ့ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့အတွဲ

စစ်အာဏာသိမ်းပြီးနောက်တနေ့မှာ ရဲချုပ်ရာထူးကိုပါပူးတွဲယူခဲ့တဲ့ အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထ ၆) ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ ခုခံတော်လှန်စစ် စတင်တဲ့ ၂၀၂၁ စက်တင်ဘာမှာ စစ်ကိုင်းတိုင်းအတွင်းက PDF တွေကို နှိမ်နင်းဖို့တာဝန်ပေးခံခဲ့ရပါတယ်။ 

အဲ့ဒီအချိန်က စစ်ကိုင်းတိုင်းကိုကွပ်ကဲနေတဲ့ နမခစစ်တိုင်းမှူးဟာ ဗိုလ်မှူးချုပ်ဖြိုးသန့် ဖြစ်ပြီး သူတိုင်းမှူးတာဝန်ယူတဲ့ကာလဟာ ၇ လ ဝန်းကျင်သာရှိသေးတာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ  သူယုံကြည်ရတဲ့ ကစထမှူး ၂ ယောက်ကို မုံရွာ နမခကို စေလွှတ်ခဲ့ပါတယ်။

ဖြုတ်ချခံခဲ့ရတဲ့ ကစထ ၆ ကစထမှူးဟောင်း ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်။

စစ်ကောင်စီတပ်ရဲ့ကစထတွေအလိုက် စစ်ဆင်ရေးနယ်မြေဧရိယာခွဲထားရာမှာတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) စတဲ့ စစ်တိုင်း ၃ ခုကို ကစထ ၁ က ကွပ်ကဲတာဖြစ်လို့ ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်က အဲ့ဒီနယ်မြေစစ်ဆင်ရေးတွေရဲ့ အကြီးအကဲဖြစ်ပါတယ်။

နမခ မှာ စစ်တိုင်းမှူးအဖြစ် ၄ နှစ်ခန့် တာဝန်ယူခဲ့ဖူးတဲ့  ကစထ ၆ ကစထမှူး  ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ပါ နမခကိုလာရောက်ကာ ကစထ ၁ မှူးနဲ့အတူ စစ်ရေးလာရောက်ကွပ်ကဲခဲ့တယ်လို့ တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ကစထ ၆ ဟာ နေပြည်တော်တိုင်းစစ်ဌာနချုပ်(နပတ)နဲ့ နယ်ခြားစောင့်တပ်တွေကိုကွပ်ကဲရတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ဖြစ်ပါတယ်။

အလောင်းမင်းတရားစစ်ဆင်ရေးလို့ လူသိများတဲ့ စစ်ကိုင်းတိုင်းအတွင်းက PDF တွေကို ချေမှုန်းရေးနဲ့ နယ်မြေရှင်းလင်းရေးတွေမှာ ထင်သလောက်အလုပ်မဖြစ်ခဲ့တဲ့နောက် စစ်ဆင်ရေးစတင်ပြီး ၅ လခန့်အကြာ ၂၀၂၂ ဇန်နဝါရီလဆန်းပိုင်းမှာပဲ စစ်ကိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းမှူးရာထူးကနေဖြုတ်ချပြီး နယ်ဘက်ဝန်ကြီးဌာနကို ပြောင်းရွှေ့လိုက်ပါတယ်။

နယ်ဘက်ဌာန ပြောင်းရွှေ့ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ဖြိုးသန့်။

သူ့နေရာမှာ အဲ့ဒီအချိန်က ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၀) စကခမှူး ဖြစ်တဲ့ လက်ရှိစစ်ကိုင်းတိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကို အစားထိုးလိုက်ပါတယ်။

ဒါ့အပြင် တိုင်းမှူး ဖြိုးသန့်ပြုတ်ပြီး ၂ လအကြာ ၂၀၂၂ ခုနှစ်၊ မတ်လမှာ စစ်ကိုင်းတိုင်းကို တိုင်းမှူးအထက်ကနေ ကွပ်ကဲနေတဲ့ ကစထ ၆ မှူး ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်လည်း ဖြုတ်ချခံခဲ့ရပါတယ်။ မြေလတ်အသံက ရရှိထားတဲ့သတင်းအရ ဖြုတ်ချကာစအစောပိုင်းကာလတွေမှာ ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ဟာ နေပြည်တော်၊ စစ်ရုံးအတွင်းက ဘုရင့်နောင်ရိပ်သာမှာ ၃ လကြာ အကျယ်ချုပ်နဲ့ ထားရှိစစ်ဆေးခံခဲ့ရပြီး ဒီနောက်ပိုင်းအခြေအနေတွေကိုတော့ မသိရတော့ပါဘူး။

လက်ရှိအချိန်ထိလည်း နမခနယ်မြေ စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဟာ ကျားကန်နေရပြီး လက်ရှိစစ်ကိုင်းတိုင်းမှူးလည်း ဖိအားတွေများနေတဲ့ အခြေအနေပါ။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှာ မုံရွာနမခ တဖက်ကမ်း ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီးစီမံကိန်းအနီး ညောင်ပင်ကြီးနယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀  ဦးကျော်ကို သုတ်သင်နိုင်ခဲ့ပြီး သေနတ် ၇ လက်၊ လက်ပစ်ဗုံး ၁၁ လုံး၊ ၇.၆၂ မမ ကျည်ဆံအများအပြားနဲ့ ရဲတပ်ဖွဲ့သုံးဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။

အဲ့ဒီနေ့စခန်းသိမ်းတိုက်ပွဲက အခြေအနေတွေကို ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလို ရှင်းပြပါတယ်။

" ရဲစခန်းရဲ့ တောင်ဘက်အခြမ်းကိုသိမ်းနိုင်ခဲ့တယ်။ မြောက်ဘက်ခြမ်းကိုတော့ မသိမ်းနိုင်ဘူး။ စခန်းမှူးလွတ်သွားတယ်။ Mi 35 နဲ့ စက်ဝိုင်းပုံစံဝိုင်းပြီး ၅ ကြိမ် ပတ်ပစ်တယ်  " လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အထိနာခဲ့လို့ ဝမ်ပေါင် လုပ်ငန်းခွင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့ပြီး နမခကနေ ပျံတက်လာတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 35 နဲ့ ဝေဟင်ပစ်ကူ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ရတာပါ။ 

ညောင်ပင်ကြီးနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ၃ ရက်အကြာ ဇွန် ၁၂ ရက် နေ့လယ်ပိုင်းမှာ လက်ရှိစစ်ကိုင်းတိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က Mi 17 ရဟတ်ယာဉ်နဲ့ နေပြည်တော်ကို အရေးပေါ်ခေါ်ဆောင်ခဲ့ပါတယ်။ 

လက်ရှိ နမခ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်

ဒီလိုခေါ်ဆောင်တာဟာ ထိန်းသိမ်းစစ်ဆေးခံရတာလို့ သတင်းတွေထွက်ခဲ့ပေမယ့် နောက်တရက်မှာပဲ ကစထမှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်နဲ့အတူ မုံရွာကို  ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒီအခြေအနေဟာ မုံရွာ နမခ လို တိုင်းစစ်ဌာနချုပ်ကနေ ကားနဲ့သွားရင် မိနစ် ၂၀ လောက်သာကွာဝေးတဲ့ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စခန်းသိမ်းခံရတဲ့အပေါ် စစ်တိုင်းမှူးရဲ့လုပ်ဆောင်မှုတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်ကိုနေ့ချင်းပြန်ခေါ်ပြီး မေးခွန်းထုတ်တာလို့ စစ်ကောင်စီတပ်မှာ ၁၀ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်မတော်သားဗိုလ်ကြီးတဦးက သုံးသပ်ပါတယ်။

"နမခတိုင်းရုံးနဲ့ဆို ချင်းတွင်းမြစ်လောက်ပဲခြားပြီးရှိတဲ့ ရဲစခန်းကို PDF က တက်သိမ်းတယ်ဆိုတော့ မင်းအောင်လှိုင်အရှိုက်ကို ထိသွားတာပေါ့။ အဲ့တော့ တိုင်းမှူးကို ခေါ်စားတာပေါ့။ မင်း PDF ကို မနိုင်ဘူးလား၊ မင်းမလုပ်နိုင်ဘူးလား။ ဂရုစိုက်နေတော့ ဆိုတာမျိုးခေါ်ပြီး briefing (ညွှန်ကြားတာ)ရော ဖိအားရောခေါ်ပေးတာ" လို့  သူက ပြောပါတယ်။ 

 

ဒုတိယမြောက် ဖြုတ်ချခံခဲ့ရတဲ့ ကစထ ၄ မှူးနဲ့ ရတခတိုင်းမှူး

ကစထ ၄ လို့အတိုကောက်ခေါ်ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့ဟာ စစ်တိုင်း ၂ တိုင်းကို ကွပ်ကဲရတဲ့ နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေးဌာနရဲ့ ဌာနခွဲတခုပါ။ လက်ရှိ ကစထမှူးကတော့ ယခင် ရန်ကုန်တိုင်း တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေ ဖြစ်ပါတယ်။

ကစထ ၄ ဟာ လက်ရှိ တော်လှန်စစ်အားကောင်းနေတဲ့ KNU နယ်မြေ မွန်နဲ့ ကရင်ပြည်နယ်ကို စစ်ရေးကွပ်ကဲနေတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)နဲ့ တနင်္သာရီတိုင်းကို စစ်ရေးကွပ်ကဲနေတဲ့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်(ကရခ) စတဲ့ စစ်တိုင်း ၂ ခုကို ကွပ်ကဲရတာဖြစ်ပါတယ်။

အခုနှစ် ဖေဖော်ဝါရီလအတွင်းမှာပဲ ယခင် ကစထ ၄ မှူး ဒုဗိုလ်ချုပ်ကြီး ခင်လှိုင်နဲ့  ရတခ(မွန်၊ကရင်)တိုင်းမှူးဟောင်း ဗိုလ်ချုပ် မြတ်သက်ဦးတို့ အတွဲလိုက်ဖြုတ်ချခံလိုက်ရပါတယ်။ 

ဖြုတ်ချခံလိုက်ရတဲ့ ကစထ ၄ မှူး ဒုဗိုလ်ချုပ်ကြီး ခင်လှိုင် ကစထ ၂ မှူးဖြစ်စဉ်က တြိဂံဒေသတိုင်းကိုသွားရောက်စစ်ဆေးစဉ်

ဖြုတ်ချခံရတဲ့အဓိက အကြောင်းအရင်းကတော့ စစ်ရေးပြင်းထန်နေတဲ့ မွန်နဲ့ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ အောက်ခြေစစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေများပြားတာ၊ လေယာဉ်ပစ်မှတ်တွေ တိကျမှုမရှိတာနဲ့ ရှေ့တန်းစစ်ဆင်ရေးမှာ စစ်တိုက်ဖို့ငြင်းဆန်တဲ့ တပ်ပုန်ကန်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့တာကြောင့်လို့ ရတခနဲ့နီးစပ်တဲ့ တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

"အဲ့ဒီကာလ မတိုင်ခင်ကရော အဲ့ဒိကာလတိုက်ပွဲတွေမှာရောက တပ်မဟာ ၁ ၊ ၅၊ ၆ မှာ တပ်ကကျဆုံးမှုတွေက အရမ်းများတယ်။ ကော့ကရိတ်နဲ့ ဘုရားသုံးဆူ BGF ကုန်းတွေ တိုက်ခံရတာတွေမှာလည်း သေကြတာ။ တိုက်ပွဲဖြစ်ပြီးသေတာတွေရော၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်တွေရော။ နောက်ပြီး အဲ့ဒီ ၁ လပိုင်း(ဇန်နဝါရီလ)အကုန်လောက်မှာ ဟောင်သရောမြစ်ကို ဖြတ်ကူးတာမှာ အတိုက်ခံရမှာစိုးလို့ မနက်အစောကြီး ၃ နာရီလောက်ကြီး ကူးတာ လှေမှောက်ပြီး တပ်မ ၄၄ အဖွဲ့တွေ လက်နက်ကြီး၊ လက်နက်ငယ်အကုန်ရေမြုပ်ကုန်ပြီး ပွဲတွေပျက်နေတာ" လို့ တပ်သတင်းရင်းမြစ်တဦးက ရှင်းပြပါတယ်။

ကရင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ် နယ်စပ်စစ်စခန်းကုန်းတွေဟာ ကျီးလန့်စာစား ဘဝနဲ့နေနေရပြီး KNLA နဲ့ PDF တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါးခံနေရကာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေနဲ့ ဒရုန်းစစ်ဆင်ရေးတွေအတွင်းမှာ စစ်ကောင်စီတပ်သားတွေ အသေအဆုံးများတယ်လို့ ကော်သူလေးတပ်မတော်လက်အောက်က ဆင်ဖြူစစ်ကြောင်းရဲ့ တပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

"သေတာက ဗျူဟာမှူးအထိတောင် ပါခဲ့တာပဲ။ PDF တွေကဘက်တော့ ဒီကောင်တွေကို တရက်မှ အကြားအလပ်မပေးတာ တိုက်ပွဲမရှိတဲ့နေ့ဆိုရင်တောင် ဒရုန်းနဲ့နီးစပ်ရာစခန်းကို သွားကြဲလိုက်ရမှ " လို့ သူက ဆိုပါတယ်။ 

အနားပေးခံလိုက်ရတဲ့ ရတခ တိုင်းမှူးဟောင်း ဗိုလ်ချုပ် မြတ်သက်ဦး။

ဒါ့အပြင် ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေမှာ စစ်ခေါင်းဆောင်တွေရဲ့ အန္တရာယ်အရမ်းများတဲ့ ချီတက်မှုတွေ၊ စခန်းပြန်လည်ရရှိရန်တိုက်ခိုက်ရေး ညွှန်ကြားမှုတွေမှာ မြေပြင်တပ်မှူးတွေက ငြင်းဆန်ပြီး အမိန့်ဖီဆန်တင်ပြတာတွေကြောင့် စစ်ခုံရုံးနဲ့အရေးယူလိုက်ရတဲ့ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေလည်း အများအပြားရှိခဲ့ပါတယ်။

ကရင်ပြည်နယ် တပ်မဟာ ၁ နဲ့ ၅ နယ်မြေတွေမှာ တိုက်ခိုက်ရေးဝင်ရောက်နေရတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၈) လက်အောက်ခံ ခမရ ၄၀၃  တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ် ၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန်းနိုင်အေးတို့ကို ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလကုန်ပိုင်းမှာ စကခ ၈ စကခမှူးက မဲသလောက်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရေး ချီတက်ဖို့ ညွှန်ကြားခဲ့ရာမှာ မြေပြင်တပ်ရင်းမှူး ၂ ဦးက ချီတက်ဖို့ငြင်းဆန်ခဲ့တဲ့အထိ စစ်အာဏာဖီဆန်မှုတွေဖြစ်ပွားခဲ့တာပါ။

မြေပြင်အောက်ခြေစစ်သားတွေ အများအပြားသေဆုံးပြီး စစ်ဆင်ရေးတွေမှာအထိနာမှု၊ တပ်ရင်းမှူးအဆင့်တွေကစလို့ စစ်ပုန်ကန်မှု စတဲ့ဖြစ်စဉ်တွေအကြား စစ်ဆင်ရေးကို အဓိကကိုင်တွယ်ကွပ်ကဲနေတဲ့ ရတခတိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနဲ့ ကစထ ၄ မှူး ဒုဗိုလ်ချုပ်ကြီး ခင်လှိုင်တို့ ရာထူးတွေစွန့်လွှတ် နိဂုံးချုပ်ခဲ့ရပါတယ်။

 

ကစထ ၂ မှာ တည်ငြိမ်ခဲ့ပြီး ကစထ ၄ ရောက်မှ ပြုတ်

ဒုဗိုလ်ချုပ်ကြီး ခင်လှိုင်ဟာ ကစထ ၄ မှူး မဖြစ်ခင်က ကစထ ၂ ကစထမှူးပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ ယခင် ကစထ ၄ မှူး ဒုဗိုလ်ချုပ်ကြီး အောင်စိုး ကြံ့ခိုင်ရေးပါတီကို အရပ်ဝတ်လဲပြီးပြောင်းရွှေ့ခံလိုက်ရတဲ့အတွက် လစ်လပ်သွားတဲ့ ကစထ ၄ မှူးနေရာကို ကစထ ၂ ကနေ ပြောင်းရွှေ့လာခဲ့ရတာပါ။ 

ဒုဗိုလ်ချုပ်ကြီး အောင်စိုး လစ်လပ်သွားတဲ့အတွက် ကစထမှူးတဦး အစားထိုးရမှာဖြစ်လို့ တိုက်ပွဲပြင်းထန်ရာဒေသတွေကို စစ်ရေးကွပ်ကဲရမှာကြောင့် အတွေ့အကြုံရှိ ကစထမှူး ဒုဗိုလ်ချုပ်ကြီး ခင်လှိုင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကစထ ၄ မှူးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ သူအရင်တာဝန်ယူခဲ့တဲ့ ကစထ ၂ မှူးနေရာကိုတော့ ယခင် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် ကို ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးပေးပြီး ကစထ ၂ မှူးအဖြစ်ခန့်အပ်ခဲ့ပါတယ်။

လက်ရှိ ကစထ ၂ မှူး ဒုဗိုလ်ချုပ်ကြီး အောင်အောင်

ကစထ ၂ ဟာ ရှမ်းပြည်နယ်အတွင်းက စစ်တိုင်း ၄ ခုဖြစ်တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်(တသခ) စတဲ့ စစ်တိုင်းတွေကို ကွပ်ကဲရတဲ့ ကစထ ပါ။ ကစထတွေထဲမှာ စစ်တိုင်းအများဆုံးကိုကွပ်ကဲရတဲ့ ကစထ လည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ကစထ ၂ အောက်က စစ်တိုင်းတွေမှာ ရပခ စစ်ရေးနယ်မြေ ရှမ်းတောင်ပိုင်းနဲ့ ကယားပြည်နယ်ကလွဲလို့၊ ရှမ်းပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ EAO တပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုမရှိသလောက်ဖြစ်ခဲ့တာကြောင့် ရှမ်းစစ်တိုင်း ၄ တိုင်းကိုကွပ်ကဲရတဲ့ ကစထ ၂ မှူးဟာ အနေအစားချောင်ခဲ့ပါတယ်။

တိုက်ပွဲတွေနည်းပါးတဲ့ ရှမ်းနယ်မြေကို ကွပ်ကဲပြီးလာတဲ့ ကစထ ၂ မှူးဟောင်း  ဒုဗိုလ်ချုပ်ကြီး ခင်လှိုင်ဟာ တိုက်ပွဲပြင်းထန်နေတဲ့ ကစထ ၄ မှာ ကွပ်ကဲရပြီး ၄ လ အကြာမှာပဲ ရာထူးကနေဖြုတ်ချခံလိုက်ရပါတယ်။ တဆက်တည်းမှာပဲ ကစထမှူး ပြုတ်တဲ့အလျောက် Area Commander ဖြစ်တဲ့ ရတခတိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးလည်း တတွဲတည်း ပြုတ်ခဲ့ပါတယ်။ 

နောက်ဆက်တွဲအခြေအနေတွေအရ ရတခတိုင်းမှူးကနေ ပြုတ်သွားတဲ့ ဗိုလ်ချုပ် မြတ်သက်ဦး ကို အရပ်ဝတ်လဲပြီး လာအိုနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပေမယ့် ကစထမှူး ဒုဗိုလ်ချုပ်ကြီး ခင်လှိုင် ရဲ့သတင်းကိုတော့ ဖြုတ်ချခံရပြီးကတည်းက အစအနမရခဲ့ပါဘူး။

 

နောက်ထပ်သားကောင် KIA နယ်မြေက ကချင်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ် ကိုကိုမောင် ဇူလိုင်လဒုတိယအပတ်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။ သူနဲ့အတူ ကချင်နယ်မြေထဲက စစ်တပ်အကြီးတန်းအရာရှိကြီးတချို့လည်း ပါဝင်ပါတယ်။

လူရာချီသေဆုံးခဲ့တဲ့ အနန့်ပါလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ အုပ်စုပြီးရင် တာဝန်အရှိဆုံးဖြစ်တဲ့ ကချင်တိုင်းမှူး ကိုကိုမောင်ဟာ လေကြောင်းတိုက်ခိုက်မှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့အလျောက် စစ်ခေါင်းဆောင်တွေကြားမှာတော့ အမှတ်ပြည့်ရခဲ့သူလို့ တပ်အသိုင်းအဝိုင်းကဆိုပါတယ်။

ဒါပေမဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ် လိုင်ဇာမြို့အနီးတလျှောက်မှာ KIA တပ်နဲ့ စစ်ကောင်စီတပ်တွေအကြား ရက်သတ္တပတ်တခုအကြာ စစ်ရေးတင်းမာနေချိန်မှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  ကချင်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်ကို ဖြုတ်ချပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မပခတိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် ကို ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်နဲ့အတူ တွေ့ရစဉ်

လာဘ်စားမှုကြောင့် အခုလိုဖမ်းဆီးထိန်းသိမ်းတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စစ်တပ်ထိပ်ပိုင်းတွေထဲက လာဘ်စားမှုကြောင့်သာ အဖမ်းခံရရင် တယောက်မျှ မကျန်နိုင်တာကြောင့် နယ်မြေစစ်ဆင်ရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေလည်း ပါဝင်နိုင်တယ်လို့ တပ် CDM အသိုင်းအဝိုင်းက မှတ်ချက်ပြုပါတယ်။

"အဲ့ဒီ မပခ မှာ တိုင်းမှူးလုပ်သွားတဲ့ ခု ဒုချုပ် စိုးဝင်းအပါအဝင် ဘယ်တိုင်းမှူးမှ လာဘ်မစားခဲ့ဖူးတာမရှိဘူး။ တချို့တိုင်းမှူးတွေဆို လာဘ်စားတဲ့အပြင် ဖားကန့်မှာ လုပ်ငန်းပါထည့်ထားတာ။ လာဘ်စားလို့ဖမ်းကြေးဆိုရင်တော့ မင်းအောင်လှိုင်ကနေ တပ်ရင်းမှူးတွေအထိ လအကုန်ဖမ်းရဖို့ပဲ။ ခု ကိုကိုမောင်ဖြစ်စဉ်က စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ ပြသနာတခုခုရှိလို့ ဒါမှမဟုတ် မင်းအောင်လှိုင်နဲ့လမှိုင်းမကပ်တော့လို့ ဖမ်းတာပါ " လို့  လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းတခုကနေ CDM ပြုလုပ်လာသူ တပ်မတော်သားတဦးက ဆိုပါတယ်။

တိုင်းမှူးဟောင်း ကိုကိုမောင် ဖမ်းဆီးခံရပြီး ရက်သတ္တပတ်တခုအကြာ ဇူလိုင်လနောက်ဆုံးအပတ်မှာ လက်ရှိ ကချင်တိုင်းမှူးနေရာကို ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် စိုးလှိုင် နဲ့ အစားထိုးခဲ့ပါတယ်။

ဗိုလ်ချုပ် ကိုကိုမောင်နဲ့ ဗိုလ်ချုပ် မြတ်သက်ဦးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရတခ(မွန်၊ကရင်) နဲ့ မပခ(ကချင်) ကို  နေရာချင်းချိန်းခဲ့တာပါ။ အာဏာသိမ်းပြီး ၁ နှစ်ခွဲအကြာ ၂၀ ၂၂ ခုနှစ် ၊ သြဂုတ်လ ၁ ရက် စစ်တိုင်းမှူးတွေ အရွှေ့အပြောင်းမှာ နေရာချိန်းခဲ့တာ ဖြစ်ပါတယ်။

မပခ တိုင်းမှူးအဖြစ် မပြောင်းရွှေ့မီ ရတခတိုင်းမှူးအဖြစ်တွေ့ရတဲ့ ဗိုလ်ချုပ် ကိုကိုမောင်

DSA ၃၈ ဆင်း အပတ်စဉ်တူလည်းဖြစ်တဲ့ တိုင်းမှူး ဗိုလ်ချုပ် ၂ ယောက်ရဲ့ ဗိုလ်ချုပ်အပွင့်တံဆိပ်တွေဟာ ပုခုံးထောက်မှာ အရာမထင်ခင် ပြုတ်ကျသွားတာဖြစ်ပါတယ်။

 

တိုင်းမှူးတယောက်ပြုတ်ဖို့လွယ်လား

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်တာဝန်စတင်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဧပြီလကစလို့ စစ်အာဏာမသိမ်းမီ ၂၀၂၀ နှစ်ကုန်ပိုင်းအထိ ဒီမိုကရေစီ ၁၀ နှစ်တာကာလတွေမှာ စစ်ကောင်စီတပ်အတွင်း တိုင်းမှူးအဆင့် ဗိုလ်ချုပ်တွေ အများအပြားတာဝန်ယူခဲ့ပေမဲ့ စစ်ဆင်ရေးကြောင့် ဖြုတ်ချခံရတဲ့ စစ်ဗိုလ်ချုပ် တိုင်းမှူး ၊ ကစထမှူး ကတော့ မရှိသလောက် ဖြစ်ပါတယ်။

အဲ့ဒီကာလတွေမှာ ၂၀၁၁ ခုနှစ် ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ် KIA နဲ့တိုက်ပွဲ၊ ၂၀၁၅ ခုနှစ် လောက်ကိုင်ဒေသ MNDAA တပ်နဲ့ တိုက်ပွဲ၊ ၂၀၁၈ ခုနှစ် ရခိုင့်တပ်တော် AA နဲ့တိုက်ပွဲ စတဲ့နှစ်နဲ့ချီတဲ့တိုက်ပွဲတွေအပါအဝင် နယ်မြေအလိုက်တိုင်းရင်းသား EAO တပ်ဖွဲ့တွေနဲ့ တိုက်ပွဲအမြောက်အမြား အပြင်းအထန်ဖြစ်ခဲ့ပေမဲ့ လက်ရှိကာလလို ဖြုတ်ချခံရတာမျိုး မရှိခဲ့ပါဘူး။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာအရေးအခင်းကာလတွေမှာ ရိုဟင်ဂျာတွေအပေါ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့မှုတွေအတွင်း လူအစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုတွေ ပေါ်ပေါက်လာခဲ့ချိန် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုး ကို ရာထူးကထုတ်ပယ်တဲ့ ဖြစ်စဉ်တခုသာ ရှိခဲ့ပါတယ်။

အဲ့ဒီထုတ်ပယ်မှုကလည်း ရခိုင်မြောက်ပိုင်းသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့မှု နောက်ဆက်တွဲ  နိုင်ငံတကာဖိအားတွေကြောင့် ရခိုင်တိုင်းမှူးကို မဖြစ်မနေ အရေးယူပြတဲ့သဘောဖြစ်ကာ စစ်ဆင်ရေးကြောင့်ဖြုတ်ချခံရတဲ့ တိုင်းမှူးဆိုတာ အင်မတန်နည်းတယ်လို့ မြန်မာစစ်တပ်အတွင်းနှစ် ၂၀ ခန့်အမှုထမ်းခဲ့သူ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

" အရင်က တိုင်းမှူး Level ဆိုတာ တပ်ချုပ်ရဲ့ကိုယ်ပွား အဆင့်မြင့်အရာရှိကြီးလို့ ခေါ်တာပေါ့။ တော်ရုံ စစ်ဆင်ရေးလောက်နဲ့က ပြုတ်ခဲတယ်။ အာဏာဖီဆန်တာမျိုး၊ တရားမဝင်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တာမျိုး ဒီဖြစ်စဉ်တွေလောက်မှာပဲ ပြုတ်ဖို့ရှိတာ။ ဒါကလည်း ဘယ်တိုင်းမှူးမှ အဲ့ဒီအဆင့်မှာမလုပ်ဘူး။ အခုက အရင်လိုမဟုတ်တော့ဘဲ တိုင်းမှူးတွေ မျက်စိဒေါက်ထောက်အကြည့်ခံနေရတာ။ မင်းအောင်လှိုင်က သူ့စိတ်နဲ့မတွေ့ရင်ကိုပဲ ဖြုတ်တဲ့အနေအထားမျိုးအထိဖြစ်သွားပြီ" လို့ သူက ဆိုပါတယ်။

 

လက်ရှိစစ်တိုင်း ၁၄ ခု တိုင်းမှူးတွေရဲ့ အလားအလာ

လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးဟာ နိုင်ငံအနှံ့ EAO တွေနဲ့ NUG အစိုးရလက်အောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်လို့ စစ်နယ်မြေဧရိယာဟာ တစထက်တစ ကျယ်ပြန့်လာပါတယ်။ 

ဖြုတ်ချခံရတဲ့တိုင်းမှူးတွေဟာ တော်လှန်စစ်ပြင်းထန်တဲ့နယ်မြေက တိုင်းမှူးတွေလို့ ဆိုပေမယ့် လက်ရှိအခြေအနေအရ စိတ်အလိုမကျရင် မကျသလို ဖြုတ်လိုက်၊ ထုတ်လိုက်လုပ်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ လက်အောက်မှာ စစ်တိုင်းမှူးတွေဟာ လှုပ်လေမြုပ်လေဖြစ်လာနိုင်တယ်လို့ ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

" တချို့တိုက်ပွဲနည်းတဲ့ စစ်တိုင်းတွေက တိုင်းမှူးတွေကတော့ လတ်တလောတော့ အနေအစားချောင်သေးတာပေါ့။ စစ်နယ်မြေက ဒီထက်ကျယ်လာဖို့ပဲရှိတယ်။ အဲ့တော့ တခြားတိုင်းမှူးတွေလည်း ကြည့်နေကြည့်စားပေါ့။ အခုအခြေအနေက အောက်ခြေစစ်သားတွေတင် ကျီးလန့်စာစားမဟုတ်တော့ဘူး။ တိုင်းမှူးဗိုလ်ချုပ်တွေလည်း ကျီးလန့်စာစားပဲ။ အဓိကကတော့ မင်းအောင်လှိုင် ဟိုချိန်း၊ ဒီပို့လုပ်တာတွေမှာ အပြုတ်များနေတဲ့ စစ်တိုင်းတွေကိုရောက်သွားရင်တော့ စောစောပြုတ်မယ်လို့ မြင်ပါတယ်" လို့ ပြောပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးခုခံစစ်အခင်းအကျင်းဟာ တော်လှန်စစ်အားကောင်းတဲ့ ဒေသတွေက တိုက်ပွဲပြင်းထန်မှုတွေဟာ စစ်တိုင်းမှူးတွေအတွက် ချောက်ကမ်းပါးတခုပေါ်မှာ ရပ်တည်နေရသလိုဖြစ်နေပြီး အချိန်မရွေး ချောက်ထဲပြုတ်ကျသွားမယ့်အနေအထား ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်က အကျပ်အတည်းကြီးကြီးမားမားတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်အောက် တိုင်းမှူးအဆင့်ဗိုလ်ချုပ်တွေအပါအဝင် ဘယ်စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုမျိုးဇာတ်သိမ်းနိဂုံးချုပ်မယ်ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

#မြေလတ်အသံ 

#စစ်ကောင်စီတပ် #တိုင်းမှူး #ကစထမှူး #ဖြုတ်ချခံရ #MilitaryCoup #ဆောင်းပါး #PDF #ခုခံစစ် #နွေဦးတော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10