တောင်ငူက ရေဘေးသင့်ပြည်သူ ၁ သောင်းကျော်အတွက် အကူညီလိုအပ်နေဆဲ

တောင်ငူက ရေဘေးသင့်ပြည်သူ ၁ သောင်းကျော်အတွက် အကူညီလိုအပ်နေဆဲ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်တောင်းမြစ်ရေမြင့်တက်လို့ ရေဘေးသင့်နေတဲ့ ရေဘေးသင့်ပြည်သူ ၁၀၀၀၀ ကျော်အတွက် လုံလောက်တဲ့အကူအညီမရဖြစ်နေတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတခုဆီက သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေအတွက် သောက်ရေနဲ့စားနပ်ရိက္ခာတွေကို ပြည်သူအချို့ရဲ့ ပံ့ပိုးမှုတွေနဲ့ ကူညီပေးနေပေမယ့် ရေဘေးသင့်လူဦးရေများပြားတာကြောင့် လုံလောက်စွာ ဖြန့်ဝေပေးနိုင်တာမရှိဘူးလို့ ဆိုပါတယ်။

"အစားအသောက်နဲ့ရေကတော့ နေ့စဥ်သုံးနေတာဆိုတော့ နေ့တိုင်းလိုနေတယ်။ အလှူရှင်တွေက နိုင် သလောက်လှူနေကြပေမယ့်လည်း နည်းတော့ နေရာစုံမဖြန့်ဝေနိုင်ဘူး။ သွားလာရ ခက်ခဲတဲ့နေရာလည်းရှိတယ်။ လိုအပ်ချက်တော့ နေရာတိုင်းရှိနေတယ်"လို့ တောင်ငူအခြေစိုက် ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိရေဘေးသင့်နေတဲ့ ရပ်ကွက်၊ ကျေးရွာတွေက ဒေသခံအများစုဟာ သာမန်လက်လုပ်လက်စားများတဲ့အတွက် ရေကြီးနေချိန် လုပ်ငန်းခွင်မသွားရတာတွေကြောင့်လည်း အလှူရှင်တွေရဲ့ ထောက်ပံ့မှုကိုသာ မျှော်နေရတဲ့အခြေနေရှိတယ်လို့ဆိုပါတယ်။

"သာမန်လူတန်းစားတွေများတော့ အကူအညီတွေက ပိုလိုအပ်တယ်။ ရေကြီးနေလို့ အိမ်မှာ ကလေးတွေပဲထားပြီး မိဘတွေကလည်း အလုပ်ထွက်လုပ်လို့က မရဖြစ်နေကြတာ။ "လို့ အထက်ပါပရဟိတအဖွဲ့ဝင်က ဆက်ပြောပါတယ်။

ဩဂုတ် ၁ ရက်ကစပြီး စစ်တောင်းမြစ်ရေတက်လာလို့ တောင်ငူမြို့ပေါ်ရှိ အမှတ် ၉၊ အုတ်ကျွတ်တန်း၊ အလယ်ကျွန်း၊ မြစ်ကြီးပေါက်၊ ကြက်လျှာစွန်းရပ်ကွက်တွေနဲ့ ပြသောင်၊ ဒိုးသောင်၊ ဇီးဖြုပင်ကျေးရွာတွေ အပါအဝင် ကျေးရွာရပ်ကွက်ပေါင်း ၂၀ ကျော်က ဒေသခံ ၁၀၀၀၀ ကျော် ရေဘေးသင့်နေတာပါ။

ဩဂုတ် ၇ ရက်မနက်ပိုင်းမှာ မိုးဇလရဲ့ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၆၁၈ စင်တီမီတာမှာ ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။ 

ပုံစာ - ရေကြီးရေလျှံဖြစ်နေသည့် တောင်ငူမြို့နှင့် ကျေးရွာတချို့။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ရေဘေးသင့် #အကူညီလိုအပ် #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10