တောင်ငူခရိုင်အတွင်း ရေဆက်တိုက်မြင့်တက်လာလို့ ကျေးရွာ၊ရပ်ကွက်ပေါင်းရာချီ ရေဘေးသင့်ပြီး လူသေဆုံးမှုလည်းရှိနေ

တောင်ငူခရိုင်အတွင်း ရေဆက်တိုက်မြင့်တက်လာလို့ ကျေးရွာ၊ရပ်ကွက်ပေါင်းရာချီ ရေဘေးသင့်ပြီး လူသေဆုံးမှုလည်းရှိနေ

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင်မြို့နယ်တို့မှာ ရေကြီးရေလျှံဖြစ်နေပြီး ကျေးရွာနဲ့ရပ်ကွက်ပေါင်းရာချီ ရေဘေးသင့်နေကာ လူသေဆုံးမှုလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး တပ်ကုန်းမြို့နယ်မှာ ကင်းသာဆည်ကျိုးကျတာ၊ သောက်ရေခပ်ဆည်က ရေလွှဲပေါက် ၅ ပေါက်စလုံးဖွင့်ချထားတာနဲ့ စစ်တောင်းမြစ်ရေတွေ ဆက်လက်မြင့်တက်လာနေတာကြောင့် ရေဘေးသင့်ကျေးရွာနဲ့ ရပ်ကွက်တွေလည်း ပိုများလာတယ်လို့ ဆိုပါတယ်။ 

"ရေက ဆက်တက်နေတုန်း။ ရေဘေးသင့်လူဦးရေတွေက အရမ်းများနေတယ်။ လက်ရှိလည်း ကယ်ထုတ်နေရတုန်း။ ရေဘေးသင့်လူဦးရေက တခရိုင်လုံးဖြစ်နေပြီး အရမ်းများနေတယ်။ ထောင်ပေါင်းများစွာရှိနေတယ်။"လို့ တောင်ငူအခြေစိုက် လူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိ မြစ်ရေဆက်တက်နေလို့ ကျေးရွာနဲ့ရပ်ကွက်ပေါင်း ရာကျော်က ရေဘေးသင့်သူဦးရေ သိန်းချီရှိနိုင်တယ်လို့လည်း လူမှုကူညီရေးအသင်းအဖွဲ့တွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာ တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာက သက်ကြီးပိုင်းအမျိုးသား ၁ ဦးရေနစ်သေဆုံးခဲ့ပါတယ်။ 

"ရေကတော့ ဆက်တက်နေတယ်။ ရေကြီးဧရိယာကကျယ်တော့ နေရာတိုင်းကိုဖြန့်ပြီး ကူညီကယ်ဆယ်ရေးသွားဖို့ အခက်ခဲတွေတော့ရှိနေတယ်။ လက်ရှိအချိန်ထိတော့ သိရသလောက်က ကျေးရွာ ၁၃ ရွာလောက်နဲ့ ရပ်ကွက် ၂ ခုရေကြီးနေတယ်။ ဒီထက်လည်း ပိုများနိုင်တယ်"လို့ ရေတာရှည်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းကတည်းက စစ်တောင်းမြစ်ရေမြင့်တက်လာနေပြီး စက်တင်ဘာ ၁၂ ရက် မနက် ၆ နာရီ ၃၀ အချိန် မိုးဇလရဲ့တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၆၀၀ စင်တင်မီတာအထက် ၄၈ စင်တီမီတာကျော်လွန်နေကာ ၆၄၈ စင်တင်မီတာရှိနေတယ်လို့ သိရပါတယ်။ 

မိုးဇလရဲ့ထုတ်ပြန်ချက်မှာတော့ စစ်တောင်းမြစ်ရေဟာ စက်တင်ဘာ ၁၃ ရက်မှာ လက်ရှိ ရေအမှတ်အထက် နှစ်ပေခန့် ထပ်မံမြင့်တက်လာနိုင်တယ်လို့လည်း ဆိုထားပါတယ်။

လက်ရှိအချိန်ထိ တောင်ငူမြို့ပေါ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၃၀ ကျော်၊ အုတ်တွင်းမြို့နယ်မှာ ကယ်ဆယ်ရေးစခန်း ၅ ခု၊ ရေတာရှည်မြို့နယ်မှာ ၅ ခုကျော်ဖွင့်လှစ်ထားပြီး ကျေးရွာတွေဘက်မှာတော့ ကိုယ့်အစီအစဥ်နဲ့ ကုန်းမြင့်ပိုင်းတွေနဲ့ ရေလွတ်ရာ ဘုန်းကြီးကျောင်းတွေမှာ ရေဘေးရှောင်နေကြရတယ်လို့ သက်ဆိုင်ရာမြို့နယ်အလိုက် လူမှုကူညီရေးအသင်းဝင်တွေက ပြောပါတယ်။

"လက်ရှိအုတ်တွင်းမှာက မြစ်ကမ်းဘေးရွာတွေက အချို့ရွာတွေဆို ရေက ၆ ပေလောက်ထိ တက်နေတာရှိတယ်။ ရွာခံတွေကတော့ ကိုယ့်အစီအစဥ်နဲ့ကိုယ် ပြောင်းတာရှိသလို ကယ်ဆယ်ရေးအဖွဲ့တွေဘက်က ကူပြောင်းပေးနေတာလည်း ရှိတယ်။ ကယ်ဆယ်ရေး မရောက်နိုင်တဲ့ရွာတွေလည်း ရှိနေသေးတယ်"လို့ အုတ်တွင်းအခြေစိုက် လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

စစ်တောင်းမြစ်ဟာ တောင်ငူမြို့နယ်အထက်ဘက်နဲ့ အောက်ဘက်တွေမှာ စက်တင်ဘာ ၁၃ ရက်မှာ Extreme Level (လွန်ကဲအဆင့်) အထိရေမြင့်တက်လာနိုင်တဲ့အခြေနေရှိတယ်လို့ မိုးဇလပညာရှင်အချို့က ခန့်မှန်းထားပါတယ်။

ယခုနှစ်မိုးရာသီအတွင်းမှာ စစ်တောင်းမြစ်ရေတက်လာတာကြောင့် ဒီတကြိမ်အပါအဝင် တောင်ငူမြို့နယ်မှာ ၃ ကြိမ် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး ကျန်မြို့နယ်တွေမှာလည်း အနည်းဆုံး ၂ ကြိမ် ရေကြီးရေလျှံတဲ့ဒဏ်ကို ကြုံတွေ့ထားရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ရေဘေးသင့် #သဘာဝဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10