သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက်လမ်းပိုင်းတနေရာမှာ စစ်ကောင်စီတပ်ဗိုလ်ကြီးအဆင့်အရာရှိ ၁ ဦးနဲ့ ၎င်းနဲ့လိုက်ပါတဲ့ သတင်းပေးဆိုသူအမျိုးသား ၁ ဦးကို ဖမ်းမိခဲ့တယ်လို့ ပဲခူးတိုင်းအရှေ့ခြမ်းအခြေပြုလှုပ်ရှားနေတဲ့ Fire Dragon PDF အဖွဲ့ ထံက သိရပါတယ်။
ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာ အဆိုပါတပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်တွေက ညောင်လေးပင်-မဒေါက်လမ်းပိုင်းမှာ စစ်ဆေးရေး လုပ်ဆောင်နေစဥ် ရွှေကျင်ဘက်ကနေ တောင်ငူဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကား ၁ စီးကို တားဆီးစစ်ဆေးခဲ့ရာက ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
" ရှောင်တခင်စစ်ဆေးရေးလုပ်နေချိန်မှာ အရပ်ဝတ်အိမ်စီးကားနဲ့လာတဲ့ စကစသုံးပွင့်အရာရှိနဲ့ သူရဲ့သတင်းပေးဆိုသူကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်။ တောင်ငူစစ်ဌာနချုပ်ကို အလုပ်ကိစ္စ(ယာယီတာဝန်)နဲ့သွားမှာ။ စကစအရာရှိဖမ်းမိတာကတော့ ပထမဆုံးအကြိမ်ပါ။" လို့ Fire Dragon PDF အဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးရမိထားသူတွေဟာ ရွှေကျင်အခြေစိုက် ခလရ ၅၇ တပ်ရင်းက DSA အပတ်စဥ် ၅၈ ဆင်း အသက် ၂၉ နှစ်အရွယ် ဗိုလ်ကြီး ညီညီအောင်နဲ့ သူရဲ့သတင်းပေးအဖြစ်ဆောင်ရွက်နေသူ အသက် ၂၁ နှစ် ပြည့်ဖြိုးအောင် (ခ) ချစ်စရာ ရွှေကျင်မြို့နယ်၊ ရှမ်းရွာနေထိုင်သူတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားသူတွေကို စစ်ဆေးချက်အရ ၎င်းတို့ ၂ ဦးဟာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ စစ်မှုထမ်းဖို့ လူငယ်တွေကို အတင်းအကြပ်လူစုရာမှာပါဝင်တာ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ပတ်သက်သူတွေကို ဖမ်းဆီးဖို့သတင်းစုံစမ်းတာတွေကို လုပ်ကိုင်ခဲ့တာကို ဝန်ခံထွက်ဆိုထားတယ်လို့ PDF အဖွဲ့တာ ဝန်ခံထံက သိရပါတယ်။
သူတို့ ၂ ဦးကိုတော့ ဒီဇင်ဘာ ၁၀ ရက်မှာ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်မဟာ ၃၊ တပ်ရင်း ၇ ထံကို လွှဲပြောင်းပေးလိုက်တာဖြစ်လို့ အရေးယူမှုကိုတော့ KNLA ဘက်က ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Fire Dragon PDF စတင်ထောင်ခဲ့တဲ့ ၂၀၂၂ ကနေ ၂၀၂၄ ဒီဇင်ဘာလအတွင်းထိကာလမှာ တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်သား၊ ပျူစောထီး ၆ ဦးအထိ ဖမ်းဆီးရမိထားပြီး အထက်ပါစစ်သုံ့ပန်းတွေကို KNU ထံလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ညောင်လေးပင် #စစ်တပ်အရာရှိ #ဖမ်းဆီး #တပခ
Share Share Share