တောင်ငူ ဒုတိယအကြိမ်ရေကြီးမှုမှာ ရေဘေးသင့်သူ ၁၀,၀၀၀ ကျော်ရှိလာပြီး ရေနဲ့ရိက္ခာလိုအပ်နေ

တောင်ငူ ဒုတိယအကြိမ်ရေကြီးမှုမှာ ရေဘေးသင့်သူ ၁၀,၀၀၀ ကျော်ရှိလာပြီး ရေနဲ့ရိက္ခာလိုအပ်နေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းမှာ စစ်တောင်းမြစ်ရေ ပြန်တက်လာတဲ့အတွက် ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော်ရှိနေပြီး သူတို့တွေအတွက် သောက်သုံးရေနဲ့ စားစရာတွေလိုအပ်နေတယ်လို့ ရေဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

ရေကြီးရေလျှံမှုကြောင့် ကျေးရွာကုန်းမြင့်ပိုင်းတွေနဲ့ ရေဘေးကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတွေ၊ ကယ်ဆယ်ရေးစခန်း မပြောင်းကြသေးဘဲ နေအိမ်တွေမှာ ကျန်နေသူတွေအတွက် သောက်ရေနဲ့ စားနပ်ရိက္ခာ အဓိကလိုအပ်နေတာလို့ ဆိုပါတယ်။

"အဓိက လိုနေတာကတော့ အိမ်တွေမှာကျန်နေတဲ့သူတွေ၊ ကူညီထောက်ပံ့ရေး မသွားနိုင်တဲ့နေရာကသူတွေက ပိုလိုအပ်နေတယ်။ ကျနော်တို့တွေကျတော့လည်း သွားလာဖို့က အခက်ခဲတွေကြောင့် အကန့်အသတ်နဲ့ နိုင်သလောက်ကူပေးနေတာဆိုတော့ နေရာစုံမရောက်ဘူး။ မြို့ပေါ်က ကယ်ဆယ်ရေး စခန်းကလူတွေကျတော့ အခက်အခဲရှိပေမယ့် ကျန်တဲ့ရွာတွေဘက်ကလူတွေထက်တော့ နည်းနည်းပိုအဆင်ပြေတယ်ပြောရမယ်"လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်ကျေးရွာတွေမှာရှိနေတဲ့ သောက်သုံးရေကန်တွေက သုံးမရတော့ဘဲ အလှူရှင်တွေ လာရောက်ပေးကမ်းတဲ့ရေနဲ့ မိုးရေတွေကိုသိုလှောင်ပြီး ချက်ပြုတ်ဖို့နဲ့ သောက်ရေအဖြစ် သုံးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"လာလှူတဲ့သူရှိရင် တခါရရင် ရေသန့်တလီတာဘူး သုံးလေးဘူးလောက်ရတာ။ လှူတဲ့သူတွေကလည်း နေ့တိုင်းမရောက်ဘူးလေ။ မလောက်ဘူးပေါ့။ အဲ့တော့ မိုးရွာရင် အိမ်ခေါင်းမိုးကကျတဲ့မိုးရေကို ခံထားပြီးသုံးနေရတာ။ ချွေတာရတာပေါ့"လို့ ဇီးဖြူပင်ကျေးရွာနေ ရေဘေးသင့်သူတဦးက ပြောပါတယ်။

လက်ရှိ မြေအနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေအမြင့် ၆ ပေကျော်တက်နေပြီး အမြင့်ပိုင်း ရပ်ကွက် လမ်းတွေထဲမှာလည်း ရေ  ၂ ပေခန့် တက်နေတယ်လို့ ဆိုပါတယ်။ 

ဩဂုတ် ၂၆ ရက်ကစပြီး ခပေါင်းဆည်ရေလွှတ်ချတာနဲ့ စစ်တောင်းမြစ်ရေ မြင့်တက်လာတာဆုံပြီး တောင်ငူမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံဖြစ်ပေါ်နေခဲ့တာပါ။ 

ဩဂုတ် ၃၀ ရက် ဒီမနက်ပိုင်း မိုးဇလရဲ့ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်  ၆၀၀ စင်တီမီတာအထက် ၆၇၀ စင်တီမီတာ မှာရှိနေတယ်လို့လည်း ဆိုပါတယ်။ 

လတ်တလောမှာတော့ မြစ်ရေတက်နေလို့ အမှတ် ၉၊ အုတ်ကျွတ်တန်း၊ အလယ်ကျွန်း၊ မြစ်ကြီးပေါက်၊ ကြက်လျှာစွန်းရပ်ကွက်တွေနဲ့ ပြသောင်၊ ဒိုးသောင်၊ ဇီးဖြုပင်ကျေးရွာအပါအဝင် ကျေးရွာရပ်ကွက်ပေါင်း ၄၀  ကျော်က ဒေသခံ ၁၀,၀၀၀ ကျော်ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

ရေဘေးကြောင့်ပြောင်းရွှေ့နေရသူတွေဟာ ကျေးရွာ၊ ရပ်ကွက်တွေရဲ့အမြင့်ပိုင်းတွေမှာ မိမိအစီအစဥ်နဲ့ အဆင်ပြေသလိုနေထိုင်နေကြရပြီး တောင်ငူမြို့ပေါ်ရပ်ကွက်မှာတော့ ကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်လှစ်ထားကာ လာရောက်ခိုလှုံနေသူ ၄၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်ကနေ စစ်တောင်းမြစ်ရေ ပထမအကြိမ်တက်လာလို့ တောင်ငူမြို့ပေါ်ရှိ  ကျေးရွာရပ်ကွက်တွေက ဒေသခံ ၁၀,၀၀၀ ကျော်ရေဘေးသင့်ခဲ့ရပြီး ရေပြန်ကျလို့ နေအိမ်ပြန်နေတာ နှစ်ပတ်ကျော်သာရှိသေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ရေကြီး #စားနပ်ရိက္ခာလိုအပ် #သဘာဝဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10