တောင်ငူပရဟိတအသင်းသားတဦး ကယ်ဆယ်ရေးလုပ်ရင်း ကားပေါ်ကပြုတ်ကျပြီး ရေနဲ့မျောပါသေဆုံး

တောင်ငူပရဟိတအသင်းသားတဦး ကယ်ဆယ်ရေးလုပ်ရင်း ကားပေါ်ကပြုတ်ကျပြီး ရေနဲ့မျောပါသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ မိုးကောင်းကျေးရွာဘက်ခြမ်းမှာ ကယ်ဆယ်ရေးလုပ်နေတဲ့  ပရဟိတအသင်းသားတဦး စက်တင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းမှာ ရေထဲပြုတ်ကျသေဆုံးခဲ့တယ်လို့ အသင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

သေဆုံးသူမှာ တောင်ငူမြို့အခြေပြု ရှင်ပေါလုအသင်းတော် လူမှုကူညီရေးအသင်းက အသက် ၂၆ နှစ်အရွယ် စောနော်ဂျာ ဖြစ်ပြီး ရေဘေးသင့်ဒေသခံတွေကို ကားနဲ့ပို့ဆောင်စဉ် တောင်ငူ-သံတောင်ကားလမ်းပေါ်မှာ ရေထဲပြုတ်ကျကာ ရေစီးနောက်မျောပါသွားတာလို့ ဆိုပါတယ်။

" ကယ်ဆယ်ရေးလုပ်နေရင်း ကားပေါ်ကပြုတ်ကျတာ။ ကျန်တဲ့အဖွဲ့သားတွေက ချက်ချင်းလိုက်ဆယ်ကြတာ။ သူကျတာက ၂ နာရီလောက် ကျသွားတာ။ ပြန်ဆယ်ရတဲ့အချိန်က ၃ နာရီကျော်လောက် ရှိနေပြီ။ မျောသွားတာကို အမြန်လိုက်ဆယ်ကြတာပဲ။ ဆယ်ရတဲ့အချိန်မှာတော့ သေဆုံးနေပြီ။"လို့ အသင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တောင်ငူမြိုနယ်အတွင်း ရေဘေးသင့်ဒေသတွေမှာ ကားလမ်းပိုင်းတွေလည်းရေကျော်နေတာဖြစ်ပြီး လမ်းပိုင်းတွေမှာ ကားအကြီးတွေဖြတ်သန်းမောင်းနှင်လို့ရပေမယ့် ရေစီးသန်တာကြောင့် ပြုတ်ကျချိန် မျောပါသွားတာလို့ ဆိုပါတယ်။

ရေနစ်သေဆုံးသွားတဲ့ စောနော်ဂျာရဲ့အလောင်းကိုတော့ အသင်းရှိတဲ့နေရာကိုပြန်သယ်လာကြပြီး ခရစ်ယာန်ဘာသာဝင်တွေရဲ့ထုံးစံနဲ့အညီ နာရေးပြုလုပ်သွားမယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၁ ရက်မှာ စစ်တောင်းမြစ်ရေမြင့်တက်လာလို့ တောင်ငူမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာ ၃၀ ကျော်မှာ ရေကြီးနစ်မြုပ်တာတွေဖြစ်ပေါ်ခဲ့တာကြောင့် ရေဘေးသင့်ပြည်သူသောင်းချီရှိနေပြီး လက်ရှိအထိလည်း တောင်ငူမြို့နယ် စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ဆက်ရှိနေလို့ ရေဘေးသင့်သူတွေ ပိတ်မိတာ၊ နေရပ်မပြန်ရသေးတာတွေ ရှိနေတာပါ။

လတ်တလောမှာ တောင်ငူမြို့နယ်ရေဘေးသင့်ပြည်သူတွေဟာ မြို့ပေါ်နဲ့ကျေးရွာအချို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပြီး ရေကြီးမှုစတင်ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် မှ ၁၃ ရက်အထိ ရေဘေးကြောင့်သေဆုံးသူအမျိုးသား ၃ ဦးရှိနေကာ နောက်ထပ်သေဆုံးသူတွေလည်း ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

မိုးဇလဌာနရဲ့ စက်တင်ဘာ ၁၆ ရက် ဒီကနေ့မနက် ၆ နာရီ ၃၀ အချိန် ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နယ်ရဲ့စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၇၅၀ စင်တီမီတာမှာရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တောင်ငူမြို့နယ်မှာ ယခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လဆန်းပိုင်းမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ယခုရေကြီးမှုဟာ ၃ ကြိမ်မြောက်ဖြစ်ပွားတာဖြစ်ကာ အဆိုးရွားဆုံးရေကြီးမှုဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#တောင်ငူ #ရေကြီးရေလျှံ #သဘာဝဘေး #ပရဟိတ #ကယ်ဆယ်ရေး #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10