တောင်ငူမှာ စစ်တောင်းမြစ်ရေပြန်တက်လို့ လူဦးရေ ၄၀၀၀ ကျော် ပြန်လည်ပြောင်းရွှေ့နေရ

တောင်ငူမှာ စစ်တောင်းမြစ်ရေပြန်တက်လို့ လူဦးရေ ၄၀၀၀ ကျော် ပြန်လည်ပြောင်းရွှေ့နေရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းမှာ စစ်တောင်းမြစ်ရေပြန်တက်လို့ လူဦးရေ ၄၀၀၀ ကျော် ပြန်လည် ပြောင်းရွှေ့နေရတယ်လို့ ရေဘေးရှောင်တွေကိုကူညီပေးနေသူတွေဆီက သိရပါတယ်။

ဩဂုတ် ၂၆ ရက်ကစပြီး ခပေါင်းဆည်ရေလွှတ်ချတာနဲ့ စစ်တောင်းမြစ်ရေမြင့်တက်လာတာဆုံပြီး တောင်ငူမြို့နယ်ထဲက အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ကျေးရွာတွေမှာ ရေကြီးရေလျှံဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

"အနိမ့်ပိုင်းတွေဆို လူတရပ်ကျော်တယ် ရေမြုပ်နေတာ။ အချို့နေရာကျတော့ လမ်းပေါ်ရေ ၂ ပေ ကျော်လောက် တက်နေတာရှိတယ်။ ရေဝင်ပြီးနေမရတဲ့သူတွေကတော့ အမြင့်ပိုင်းတွေ ပြောင်းနေရတာတွေရှိတယ်"လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေသူတဦးကပြောပါတယ်။

လတ်တလောမှာတော့ မြစ်ရေတက်နေလို့ အမှတ် ၉၊ အုတ်ကျွတ်တန်း၊ အလယ်ကျွန်း၊ မြစ်ကြီးပေါက်၊ ကြက်လျှာစွန်း ရပ်ကွက်တွေနဲ့ ပြသောင်၊ ဒိုးသောင်၊ ဇီးဖြုပင်ကျေးရွာအပါအဝင် ကျေးရွာရပ်ကွက်ပေါင်း ၂၅ ခုကျော်က ဒေသခံ ၄၀၀၀ ကျော် ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။ 

ရေဘေးကြောင့် ပြောင်းရွှေ့နေရသူတွေဟာ ကျေးရွာ၊ ရပ်ကွက်တွေရဲ့အမြင့်ပိုင်းတွေမှာ မိမိအစီအစဥ်နဲ့ အဆင်ပြေသလိုနေထိုင်နေကြရပြီး လတ်တလောအခြေနေထိတော့ ရေဘေးကယ်ဆယ်ရေးစခန်းပုံစံ သတ်မှတ်ဖွင့်လှစ်တာမျိုး မရှိသေးပါဘူး။

သောက်ရေနဲ့ စားနပ်ရိက္ခာတွေကို ပြည်သူအချို့ရဲ့ပံပိုးမှုတွေနဲ့ကူညီပေးနေပေမယ့် ရေဘေးသင့် လူဦးရေများပြားတာကြောင့် လိုအပ်ချက်တွေရှိနေသေးတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်ကလည်း စစ်တောင်းမြစ်ရေ ပထမအကြိမ်တက်လာလို့ တောင်ငူမြို့ပေါ်ရှိ  ကျေးရွာရပ်ကွက်တွေက ဒေသခံ ၁၀၀၀၀ ကျော်ရေဘေးသင့်ခဲ့သေးပြီး ရေပြန်ကျလို့နေအိမ်ပြန်နေတာ  နှစ်ပတ်ခန့်သာ ရှိသေးတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၈ ရက်မနက်ပိုင်းအထိ မိုးဇလရဲ့ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၆၅၅ စင်တီမီတာမှာရှိနေပြီး ရေထပ်တက်နိုင်မယ့်အခြေနေမှာရှိနေတယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ရေကြီး #ရွှေ့ပြောင်း #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10