တောင်ငူမှာ အမျိုးသား ၄ ဦးကို စစ်မှုထမ်းဖို့ စစ်တပ်က ဆဲဆိုဖမ်းဆီး

တောင်ငူမှာ အမျိုးသား ၄ ဦးကို စစ်မှုထမ်းဖို့ စစ်တပ်က ဆဲဆိုဖမ်းဆီး

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းက အမျိုးသား ၄ ဦးကို နိုဝင်ဘာ ၅ ရက်မှာ စစ်ကောင်စီကဖမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အနောက်အင်တိုင်းကျေးရွာ အမြန်လမ်းဘေးအနီး စပါးလှမ်းနေတဲ့ အသက် ၂၅ နှစ်ကနေ ၃၀ ကြား လူငယ် ၃ ဦးကို နေ့လယ်ပိုင်းမှာ စစ်ကောင်စီအဖွဲ့က ကနဦးဖမ်းပြီး ည ၁၀ နာရီကျော်မှာတော့ နေပူကုန်းကျေးရွာနေ အသက် ၃၀ နှစ်အရွယ် ကိုမျိုးဇော်ဦးကို နေအိမ်ကနေ ဝင်ဖမ်းသွားတာလို့ ဆိုပါတယ်။

"သူက (ကိုမျိုးဇော်ဦး) ထိုင်းကပြန်လာတာမကြာသေးဘူး။ သူလည်းပဲ ရှုပ်ရှုပ်ဖြစ်နေလို့ဆိုပြီး သွားအလုပ်လုပ်နေရင်း ရှောင်နေတာ။ ဟိုမှာလည်းအဆင်မပြေတာနဲ့ ပြန်လာတာ ၁ လလောက်ပဲ ရှိသေးတယ်။ သူအိမ်မှာရှိနေချိန် လာဖမ်းသွားတာ"လို့ နေပူကုန်းဒေသခံတဦးကပြောပါတယ်။

ဖမ်းဆီးချိန်မှာလည်း စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ချိန်ပြီး ရိုင်းပြစွာဆဲဆိုတာတွေ လုပ်ခဲ့တယ်လို့သိရကြောင်း သူက ဆက်ပြောပါတယ်။ 

"ကိုမျိုးဇော်ဦးအိမ် ဝင်ဖမ်းတာမှာ နောက်ဖေးကနေဝင်ပြီးဖမ်းတာ။ ‘ဟိတ်ကောင် နှမ* မင်းလက်ထဲ ဘာမှမယူခဲ့နဲ့ မင်းဆင်းခဲ့’ လို့ ဆဲပြီး လက်မြှောက်ဆင်းခိုင်းတာ။ "လို့ ပြောပါတယ်။ 

မျိုးဇော်ဦးဟာ စစ်မှုထမ်းဖို့မဲပေါက်တယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စာရင်းထည့်ထားသူဖြစ်ပြီး ကျန် ၃ ဦးကိုလည်း စစ်မှုထမ်းထဲထည့်ဖို့ ဖမ်းတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၄ ဦးကို ကျွန်းကုန်းကျေးရွာနယ်မြေရဲစခန်းထဲမှာ ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့တွေ့ခွင့်မပေးဘူးလို့လည်း သိရပါတယ်။

ပြည်သူစစ်မှုထမ်းစခေါ်တဲ့ ဧပြီလနဲ့ မေလအတွင်းမှာ တောင်ငူမြို့နယ်အတွင်း ပြည်သူစစ်မှုထမ်းရဖို့ စစ်ကောင်စီဘက်က အုပ်ချုပ်ရေးမှူးတွေကနေတဆင့် မဲနှိုက်လူရွေးခိုင်းတာမျိုးတွေ ရှိခဲ့ပါတယ်။

ယခုနောက်ပိုင်းမှာတော့ လူနေအိမ်တွေထဲဝင်ဖမ်းတာ၊ လမ်းမှာ အချိန်မတော်တွေ့တဲ့ လူငယ်တွေကို ဖမ်းဆီးလာတာတွေထိရှိလာတာလို့လည်း ဒေသခံတွေဆီက သိရပါတယ်။ 

ပုံစာ - ဆန္ဒပြပွဲကာလအတွင်း စစ်ကောင်စီတပ်သားများအား တောင်ငူမြို့တနေရာ၌ တွေ့ရစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #ဒေသခံ #ဖမ်းဆီး #စစ်မှုထမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10